30 C
Yangon

တနင်္သာရီတိုင်းမှ ကမ်းရိုးတန်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနှင့် တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့ကို စစ်ကောင်စီက ဖမ်းဆီး

Must read

တနင်္သာရီတိုင်းမှ ကမ်းရိုးတန်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနှင့် တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့ကို စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၃၀

တနင်္သာရီတိုင်းမှ ကမ်းရိုးတန်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနှင့် တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့ စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်တပ်သတင်းရင်း မြစ်များထံမှ သိရှိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ နေပြည်တော်မှ အထူးတပ်ဖွဲ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်ချုပ် သစ်လွင်ထူး၊ တနင်္သာရီတိုင်းစစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနှင့် တနင်္သာရီတိုင်း အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“တပ်ချုပ်နဲ့ ရင်းနှီးတဲ့ ခရိုနီလုပ်ငန်းရှင်တွေက စီးပွားရေးကိစ္စ တိုင်တာရယ်၊ PDF တွေကို မထိန်းနိုင်တာ၊ မနိုင်မနင်းဖြစ်လာလို့ အရေးယူခံရတယ်လို့လည်း ပြောတယ်။ အကြောင်းအရာတွေက ဆက်စပ်မှုလည်း ရှိနိုင်တယ်။ ဒီဘက်မှာ ထိုင်းဘက်က လာတဲ့ ကုန်စည်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာရှိတယ်။ သူတို့နဲ့ အဆင်ပြေတဲ့သူတွေကျတော့ လွှတ် ပေးတယ် အဲဒီလိုဖြစ်တာ။ သွင်းကုန် ကာလတန်ဖိုး သိန်းထောင်သောင်းချီကို လာဘ်ပေးရင် လွှတ်ပေး၊ လာဘ်မပေးရင် ဖမ်းတာမျိုးလုပ်ကြတာ။ အဲဒါကို နေပြည်တော်အထိ ခရိုနီတွေက တိုင်ကြရာက အခုနောက်ဆုံး အဖမ်းခံရတာတွေ ဖြစ်လာတယ်လို့လည်း သိရပါတယ်” ဟု တပ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းတို့ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းယူမှုများ ရှိကြောင်း၊ တပ်မမှူးကိုမူ ဆက်လက် အရေးယူ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်လည်း ခဏတာ စစ်ဆေးခံရမှုများရှိခဲ့ကြောင်း၊ သို့ရာတွင် ဇူလိုင်လ ၂၈ ရက်နေ့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃-ခုနှစ် ၊မိသားစုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် တက်ရောက်ခဲ့သဖြင့် လက်ရှိအချိန်အထိ ရာထူးဆက်လက် တည်မြဲနေဆဲဖြစ်ကြောင်း သိရှိရသည်။

“တိုင်းမှူးကတော့ ရှိနေတုန်းပဲ။ ဇူလိုင် ၂၈ ရက်နေ့က သူက တိုင်းစစ်ဌာနချုပ်မှာ ဝါဆိုသင်္ကန်းကပ်ပွဲ လုပ်သွားသေးတယ်။ အခု သိရတာက ဒုတိုင်းမှူး၊ နယ်လုံဝန်ကြီးနဲ့ တပ်မမှူး ၃ ဦးကတော့ အဖမ်းခံလိုက်ရတာ သေချာပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

ကချင်ပြည်နယ်တွင်လည်း မြောက်ပိုင်းတိုင်းမှူး အပါအဝင် စစ်ဘက်ထိပ်တန်း အရာရှိများကို စစ်ကောင်စီက ဖမ်းဆီးအရေးယူပြီးနောက်ပိုင်း တနင်္သာရီ တိုင်းတွင်ပါ စစ်တပ်အရာရှိများ ထပ်မံ အရေးယူခံရခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article