39 C
Yangon

ကွတ်ခိုင်မြို့နယ်၊ ဆွန်လုံရွာတွင် ကလေး ၂ ဦး၏ မိခင်ကို ခမရ ၅၆၉ တပ်ရင်းမှ စစ်သား ၁ ဦးက မုဒိမ်းပြုကျင့်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကိုလည်း စစ်သားတချို့က မဖွယ်မရာ လုပ်

Must read

ကွတ်ခိုင်မြို့နယ်၊ ဆွန်လုံရွာတွင် ကလေး ၂ ဦး၏ မိခင်ကို ခမရ ၅၆၉ တပ်ရင်းမှ စစ်သား ၁ ဦးက မုဒိမ်းပြုကျင့်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကိုလည်း စစ်သားတချို့က မဖွယ်မရာ လုပ်

ရန်ကုန်၊ ဩဂုတ် ၃

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဆွန်လုံကျေးရွာတွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၆၉ တပ်ရင်းမှ စစ်သား ၁ ဦးက ဇူလိုင်လ ၃၀ ရက်နေ့တွင် ကလေး ၂ ဦး၏ မိခင်ကို မုဒိမ်းပြုကျင့်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ခမရ ၅၆၉ တပ်ရင်းသည် ဇူလိုင်လ ၂၉ ရက်နေ့ညတွင် ဆွန်လုံရွာသို့ ရောက်ရှိလာပြီး ရွာဘုန်းကြီးကျောင်းတွင် စခန်းချ နေထိုင်နေကြခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်းတွင် ရွာသားများ တောင်ယာအလုပ်လုပ်ကိုင်ကြ၍ နေ့ခင်းပိုင်းတွင် လူသိပ်မရှိချိန်တွင် အကြမ်းဖက်စစ်သား ၁ ဦးက ဇူလိုင် ၃၀ ရက်နေ့တွင် ရွာထဲ ဝင်လာပြီး ကလေး ၂ ဦး မိခင် အသက် ၃၀အရွယ် အမျိုးသမီး၏ အိမ်သို့ ဝင်ရောက်၍ ၎င်း၏ ခင်ပွန်းကို သေနတ်နှင့် ချိန်ကာ ကလေးနှင့် အိမ်က ထွက်သွားခိုင်းခြင်းဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူမှ ကြောက်လန့်၍ ကလေး ၂ဦးကို ခေါ်၍ အပြင်ထွက်ချိန်တွင် ကျန်ရစ်သူ အမျိုးသမီးကို မုဒိမ်းပြုကျင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ အိမ်ကိုလည်း စစ်သား ၂ ဦးက ဝင်ရောက်၍ ခင်ပွန်းဖြစ်သူကို သေနတ်နှင့် ထောက်ကာ လက်ထိပ်ခတ်၍ ခင်ပွန်းရှေ့တွင်ပင် အမျိုးသမီးကို ပွတ်သတ်၍ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အဆိုပါ ဖြစ်ရပ်နှစ်ခုသည် တစ်နေ့တည်း တစ်ချိန်တည်းတွင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများသည် ကြိုတင်စီစဉ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အမျိုးသမီးများကို မုဒိမ်းကျင့်၍ မဖွယ်မရာ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရွာသားများက ရွာသူကြီးနှင့် ရွာရှိ ဘုန်းကြီးကို သွားရောက်တိုင်ကြားခဲ့ကြောင်း၊ ဘုန်းကြီးမှ စစ်ကြောင်းမှူးကို တိုင်တန်းရာတွင် စစ်ကြောင်းမှူးဆိုသူမှ ကျူးလွန်သူ စစ်သားများကို အယောင်ပြ ရိုက်နှက်ခြင်းသာ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“တခြား သူတို့ဘာမှ အပြစ်မပေးဘူး အဲဒီလို ဟန်ပြလုပ်တယ်ပြောရမယ်။ အဲဒီလို အဓမ္မကျင့်တဲ့လူကိုလည်း တခြား ရွာက လူတွေက ပုံမှန်အတိုင်းသွားလာတာ ပြန်မြင်တယ်လို့ ပြောတယ်ရှင့်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

အကြမ်းဖက်စစ်တပ်သည် ဆွန်လုံရွာနှင့် သိပ်မဝေးသည့် နမ့်မွန်ရွာရှိ တောင်ကုန်းတစ်ခုတွင် တပ်စွဲထားကြောင်း၊ မုဒိမ်းမှု ဖြစ်ပွားပြီးချိန်တွင် အကြမ်းဖက်စစ်တပ်၏ ခလရ ၅၆၉ တပ်မှ အရာရှိဖြစ်သူမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းထွက်ပေါ်လာပါက တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင့်လည်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ ခုနှစ်ကလည်း ကွတ်ခိုင်မြို့နယ်ထဲတွင် အသက် ၅၀ ဝန်းကျင်အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်၍ သတ်ဖြတ်သည့် ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့သေးပြီး အဓမ္မပြုကျင့်သူ အကြမ်းဖက်စစ်သားမှာ အရေးယူခြင်း မခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article