35 C
Yangon

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၁၅ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တော့ဘဲ ပြည်သူများ ဆာလောင်ငတ်မှု ဘေးအန္တရာယ်ရှိနေဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း တင်ပြ

Must read

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၁၅ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တော့ဘဲ ပြည်သူများ ဆာလောင်ငတ်မှု ဘေးအန္တရာယ်ရှိနေဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း တင်ပြ

ရန်ကုန်၊ ဩဂုတ် ၄

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းပြီးနောက် ပြည်သူ ၁၅ ဒသမ ၂ ကျော် စားနပ်ရိက္ခာမလုံလောက်တော့ဘဲ ပြည်သူများ ဆာလောင်ငတ်မှုဘေးအန္တရာယ်ရှိနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြ ဆွေးနွေးကြောင်း သိရှိရသည်။

ဩဂုတ်လ ၃ ရက်နေ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေးအန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှုပြဿနာ (Famine and Conflict-Induced Global Food Insecurity)” ခေါင်းစဉ်ဖြင့် High-Level Open Debateတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ၁၅ ဒသမ ၂ သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ပြင် ၁ ဒသမ ၉ သန်းခန့်သော ပြည်သူများမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်လာရကြောင်း၊ မြန်မာနိုင်ငံ အတွင်း ကလေးသူငယ်များမှာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရကြောင်း၊ WFP ၏ အချက်အလက်များအရ အသက် ၅ နှစ်အောက် ကလေးငယ် ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် ဖွံ့ဖြိုးမှုနှေးကွေးမှု ရင်ဆိုင်နေရကြောင်း၊ ၇ ရာခိုင်နှုန်းမှာ အာဟာရချို့တဲ့လာကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးကို သြဂုတ်လအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အမေရိကန်ပြည်ထောင်စုက ကြီးမှူးစီစဉ်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက သဘာပတိအဖြစ် တာဝန်ယူကာ UN Famine Prevention and Response Coordinator ဖြစ်သူ Ms. Reena Ghelani ၊ International Rescue Committee ၏ President and Chief Executive ဖြစ်သူ Mr. David Miliband နှင့် Edesia တည်ထောင်သူ Ms. Navyn Salem တို့ (၃) ဦးက ဆွေးနွေးသူများအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၈၀) ကျော်မှ ကိုယ်စားလှယ်များပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရားစစ်တပ်၏ တရားမဝင် စစ်အာဏာ သိမ်းမှုကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် ယခင်က ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့သည့် အားထုတ်မှုများနှင့် ဆယ်စုနှစ်တစ်ခုအကြာ တည်ဆောက်ခဲ့ရသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများမှာ အချည်းအနှီးဖြစ်ခဲ့ရကြောင်း၊ စစ်တပ်မှ ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို စနစ်တကျဖျက်ဆီးခဲ့ခြင်းနှင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမှုဆက်ဆံခြင်းတို့ကြောင့် ဒေသတွင်းအကျိုးသက်ရောက်မှု ရှိသည့် ဘက်ပေါင်းစုံ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်တက်လာခြင်းက ပြည်သူများကို ယခင်ကထက် ပို၍ ဆာလောင်ငတ်မှုဘေးအန္တရာယ်ဆီသို့ တွန်းပို့လျက်ရှိကြောင်း၊ အဓိကအားဖြင့် စစ်တပ်၏ ဖြတ် ၄ ဖြတ် အစီအစဉ်ကြောင့် စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာသည် ဆိုးရွားဆုတ်ယုတ်သည့် အခြေအနေသို့ ကျဆင်းရခြင်းဖြစ်ကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့်အချိန်မှစ၍ အကြမ်းဖက်စစ်တပ် သည် အရပ်သားပြည်သူ များအပေါ် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့ပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုနှင့် အရပ်သားပြည်သူနေထိုင်ရာ မြို့နယ်များနှင့် ကျေးရွာများကို လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့သဖြင့် ၁ ဒသမ ၆ သန်းသော ပြည်သူများမှာ နေရပ်စွန့်ခွာခဲ့ရကြောင်း၊ ထို့ပြင် စစ်တပ်သည် ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းကို အဓိကနည်းဗျူဟာတစ်ခုအဖြစ် စနစ်တကျနှင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြောင်း၊ ယနေ့အထိ ၎င်းတို့ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားပြည်သူပိုင် အိုးအိမ်စုစုပေါင်း ၇၀,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သံအမတ်ကြီးကရှင်းပြသည်။

ထို့အတူ စစ်တပ်၏ တပ်ဖွဲ့ဝင်များသည် ပြည်သူများအား လယ်ယာစိုက်ပျိုးခြင်းနှင့် ကောက်ပဲသီးနှံရိတ်သိမ်းခြင်းတို့မှ တားဆီးခြင်းဖြင့် ပြည်သူများ၏ ဘဝများကို အစဉ်တစိုက် ဖျက်ဆီး လျက်ရှိကြောင်း၊ ယင်းသို့ ပစ်မှတ်ထားဖျက်ဆီးခြင်းကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းစဉ်မှာ သိသိသာသာ ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ စစ်တပ်မှ လူသားချင်းစာနာထောက်ထားမှုအကူအညီရရှိခြင်းအား လက်နက်တစ်ခုသဖွယ် အသုံးပြုခြင်းက အခြားသော ကြီးမားသည့် ပြဿနာတစ်ရပ်ပင်ဖြစ်ကြောင်း၊ အမှန်တကယ် အကူအညီ လိုအပ်နေသူများ၏ လက်ဝယ်သို့ သက်ကယ်လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို လူသားဆန်မှု၊ သမာသမတ်ကျမှု၊ ဘက်မလိုက်မှုနှင့် လွတ်လပ်မှုစသည့် အခြေခံကျသော လူသားချင်းစာနာမှု စည်းမျဉ်းများနှင့်အညီ အကူအညီပေးအပ်သည့်သူများအနေဖြင့် ပေးပို့ခွင့်ရရှိမှုသည် အရေးပါကြောင်း သံအမတ်ကြီးက ဆိုသည်။

သို့သော် မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအေဂျင်စီများအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် ယင်းအကူအညီများ ပေးအပ်ရန် စီစဉ်ဆောင်ရွက်ရာတွင် စစ်တပ်ဘက်မှ ငြင်းဆန်ခြင်း သို့မဟုတ် ကန့်သတ်ချက်များချမှတ်ခြင်း စသည့် စိန်ခေါ်မှုများကို အမြဲတစေရင်ဆိုင်နေရကြောင်း၊ ယင်းသို့ ငြင်းဆန်ခြင်း သို့မဟုတ် ကန့်သတ်ချက်များ ချမှတ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အခြေအနေအများစုတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခကြောင့် ဖြစ်ပေါ်သည့် စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာ၏ အကျိုးသက်ရောက်မှုကို လျှော့ချနိုင်ရေးအတွက် ယခုထက်ပို၍ လုပ်ဆောင်နိုင်သည့် အခွင့်အာဏာရှိကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အပါအဝင် တိုက်တွန်းတောင်းဆိုမှုများကို ချမှတ်၍ အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုများကို အပြည့်အဝ၊ လုံခြုံစွာ ချွင်းချက်မရှိ ပေးအပ်နိုင်ရန် ကြိမ်ဖန်များစွာ သံအမတ်ကြီးက တောင်းဆိုထားသည်။

သို့သော်လည်း စစ်တပ်မှ ပြည်သူများအပေါ် အဖန်ဖန်တလဲလဲ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ၊ နိုင်ငံတကာပြစ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ခြင်းများအား ငြင်းဆန်မှု အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေအား ချိုးဖောက်ခြင်းတို့အတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် လုံခြုံရေးကောင်စီအနေဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ လုံခြုံရေးကောင်စီ၏ တိကျပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြည်လည်ထွန်းကားလာစေရန်နှင့် ငြိမ်းချမ်းတည်ငြိမ်လာစေရန် မြန်မာပြည်သူတစ်ရပ်လုံး၏ အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက အကြံပြုပြောဆိုသည်။

စစ်အာဏာရှင်အား ဆန့်ကျင်ရာတွင် များစွာသော မြန်မာပြည်သူများသည် စည်းလုံးညီညွတ်ကြကြောင်း၊ သို့ဖြစ်ရာ စစ်တပ်အနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်မက်မှာ အနိုင်ရနိုင်မည် မဟုတ်သကဲ့သို့ တိုင်းပြည်အုပ်ချုပ်ရန် သို့မဟုတ် စီးပွားရေးအား စီမံခန့်ခွဲရန် စွမ်းဆောင်နိုင်ခြင်း မရှိကြောင်း၊ အလားတူ ရေရှည်တည်တံ့ခိုင်မြဲသည့် တည်ငြိမ်အေးချမ်းမှုကိုလည်း ဆောင်ကျဉ်းနိုင်ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံတွင် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်သော အရပ်သားအစိုးရ အုပ်ချုပ်မှသာလျှင် ဖော်ပြပါရည်မှန်းချက်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဤသည်ပင်လျှင် ဒီမိုကရေစီအင်အားစုများ၏ အန္တိမရည်မှန်းချက်ထား ဆောင်ရွက်နေကြကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်ရေးဟူသော လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို ထိရောက်စွာ ဖော်ဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို ချမှတ်ရန် တိုက်တွန်းကြောင်း၊ ဤအချိန်သည် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံအတွက် ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်အဆိုချမှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရမည့် အကောင်းမွန်ဆုံးအချိန်ပင် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article