Breaking News – ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA နှင့် PDF တပ်များက တိုက်ခိုက်သိမ်းပိုက်
■ ကသိုဏ်းတောင်စစ်တပ်စခန်းတွင် အင်အား ၁၀၀ ခန့်တပ်စွဲထားပြီး သေဆုံးမှုများပြားကာ လက်နက်ခဲယမ်း အများအပြားရရှိ
ရန်ကုန်၊ ဩဂုတ် ၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA နှင့် PDF တပ်များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ရရှိကာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၅ နာရီခွဲမှ စတင်ပြီး ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာအထွက် ဖားကန့်နှင့်တာမခန်အကြားရှိ ကသိုဏ်းတောင် စစ်တပ်စခန်းကို KIA နှင့်PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ ယနေ့ နံနက် ၈ နာရီတွင် အပြီးသတ် စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အင်အား ၁၀၀ ခန့်ရှိသည့် ကသိုဏ်းတောင်စခန်းကို သိမ်း ပိုက်ရရှိမှုတွင် အရှင်ဖမ်းဆီးရရှိသူများ၊ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
“ကသိုဏ်းတောင်စခန်းက စခန်းကြီး။ အင်အား ၁၀၀ လောက်နဲ့ တပ်စွဲထား တာကို KIA နဲ့ PDF က ဝင်တိုက်တာ ။ အင်အား ၁၀၀ လောက်ရှိတယ်။ လက် နက် ခဲယမ်းတွေလည်း အတော်များများရတယ်။ စစ်ခွေးတွေ အသေလည်း များတယ်။ အရှင်တွေလည်းမိတယ်။ မိုးက တအားရွာတော့ လေယာဉ်ပစ်ကူ လာလို့မရဘဲ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ အလုံး ၁၀၀ လောက်ထုတယ်။ ဒါပေမယ့် စစ်တပ်စခန်းကို အပြီးသတ် သိမ်းလိုက်နိုင်တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် နမ့်မှောင် စခန်း နှင့် ဆယ်ဇင်းကျေးရွာရှိ တံတားထိပ်စခန်းတို့ကိုလည်း ယနေ့ နံနက်ပိုင်းတွင် KIA နှင့် PDF တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
“နမ့်မှော် တန် ၃၀၀၀ ကျောက်စိမ်းတွေ့တဲ့ မှော်မှာ ချထားတဲ့ စစ်တပ်စခန်း တစ်ခုကိုလည်း သိမ်းလိုက်ပြီ။ နောက်တစ်ခါ ဆယ်ဇင်းကျေး ရွာမှာ ရှိတဲ့ တံတား ထိပ်စခန်းကိုလည်း သိမ်းလိုက်တယ်။ ဒီမနက် စခန်း ၃ ခု သိမ်းလိုက် တာ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ရုံမျှ အပ လေကြောင်းစစ်ကူ၊ မြေပြင်စစ်ကူ လာရောက်နိုင်ခြင်းမရှိကြောင်း သိရှိသည်။