27 C
Yangon

ဘားအံ အခြေစိုက် ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသူရိန်အောင်ကို လေးကေ့ကော်နှင့် မင်းလက်ပံဒေသသို့ ထိုးစစ်ဆင်ရန် ငိုယို ငြင်းဆန်မှု၊ အကျင့်ပျက်ခြစားမှုများဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

Must read

ရန်ကုန်၊ ဇွန် ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ် ၂၂ ခြေမြန်တပ်မဌာန ချုပ် လက်အောက်ခံ ခမရ ၂၀၂ တောင်ကလေးတပ်မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသူရိန်အောင်ကို အဂတိ လိုက်စားမှုနှင့် အမိန့်ဖီဆန်မှုများဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၁၂ နှစ် အမိန့်ချမှတ်လိုက်ပြီးနောက် တောင်ကလေး အရပ်ဘက်အကျဉ်းထောင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်နှင့် မင်းလက်ပံဒေသသို့ ထိုးစစ်ဆင်ရန် ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို ညွှန်ကြားခဲ့သော်လည်း ရှေ့တန်းထွက်ရန် ဗိုလ်မှူး သူရိန်အောင်က ငြင်းဆန်ခဲ့ကြောင်း၊ ထိုသို့ ငြင်းဆန်ရာတွင် တပ်မှူး ရှေ့တွင် ငိုယို တောင်းပန်း ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ အမိန့်မနာခံသည့်အတွက် ဖမ်းဆီးခဲ့ပြီးနောက် ၎င်းကျူးလွန်ခဲ့သော အမိန့်မနာခံမှုအပြင် အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီး စစ်ခုံရုံးတင်ခဲ့ကြောင်း သိရှိရသည်။

ယခု ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ခမရ ၂၀၂ တပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို ဘားအံ-မြဝတီ လမ်းပိုင်းတွင် ဂိတ်ကြေးများကို အဆမတန် ကောက်ခံခြင်း၊ ရရှိလာသည့် ငွေကြေးများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခြင်း၊ ရှေ့တန်းထွက်ရန် တပ်မမှူး၏ အမိန့်ပေးစေခိုင်းမှုကို ငြင်းဆန်ခြင်းတို့ဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“”လေးကေ့ကော်နဲ့ မင်းလက်ပံက PDF စခန်းတွေကို သွားတိုက်ဖို့ တပ်မမှူးက စေခိုင်းတဲ့အခါမှာ သူက ‘ကျနော် မလုပ်နိုင်တော့ပါဘူး’ ဆိုပြီး တပ်မမှူးရှေ့မှာ တကယ့်ကို ငိုယိုပြီး တောင်းပန်ငြင်းဆန်ခဲ့တာ။ သူ့ကို ဖမ်းတုန်းက တပ်ချုပ်ဟောင်း လက်ထက်ပေါ့။ အမိန့်ချတာက တပ်ချုပ်အသစ်လက်ထက်မှာ အမိန့်ချတာ။ အမိန့်ချတဲ့ ဇွန်လ ၁၈ ရက်နေ့မှာပဲ ဘားအံမြို့ (တောင်ကလေး) အရပ်ဘက်အကျဉ်း ထောင်ကို ချက်ချင်း ပို့လိုက်ပါတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ဗိုလ်မှူးသူရိန်အောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၇ ဆင်းတစ်ဦးဖြစ်ပြီး၊ ယခင်က လောက်ကိုင်ဒေသ (လပခ) စစ်ထောက်ဌာနတွင် Q2 (စစ်ထောက်လှမ်းရေး/ထောက်ပံ့ရေး တာဝန်) လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။

ဗိုလ်မှူးသူရိန်အောင်မှာ ခမရ ၂၀၂ စစ်တပ်အတွင်း အထက်လူကြီးများကို ဖားပြီး အောက်လက် ငယ် သားများကို ဖိနှိပ်တတ်သူအဖြစ် နာမည်ကြီးကာ အာဏာအလွဲသုံးစား၍ ကိုယ်ကျိုးရှာမှုများ​ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်ဟု သိရှိရသည်။

“ယောက်ကျားရော မိန်းမရော အရမ်းလောဘကြီးတာ၊ ပိုက်ဆံရမယ့်အပေါက်မှန်သမျှ အကုန်နှိုက်တာ၊ တပ်ရင်းကို အထက်က ထောက်ပံ့သမျှလဲ လက်အောက်ကို မပေးဘဲ သူတို့အိတ်ထဲပဲထည့်တာ၊ မိန်းမဖြစ်သူက ရဲမေတွေကိုလည်း အလုပ်တွေ မတန်တဆတွေခိုင်းတာ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article