27 C
Yangon

မြန်မာစစ်တပ်က ရွေးကောက်ပွဲကို ခြိမ်းခြောက်မှု ၊ မက်လုံးပေးမှု၊ အဓမ္မ ဆင့်ခေါ်မှုများဖြင့် ကျင်းပခဲ့သည်ကို စိစစ်တွေ့ရှိရဟု ကုလသမဂ္ဂက အစီရင်ခံထုတ်ပြန်၊ စစ်တပ်၏ရွေးကောက်ပွဲနှင့် မင်းအောင်လှိုင်အစိုးရကို အသိအမှတ်မပြုဟု ကုလသမဂ္ဂက ဆက်တိုက် ထုတ်ပြန်ပြောဆို

Must read

ရန်ကုန်၊ ဇွန် ၂၃

မြန်မာစစ်တပ်က ရွေးကောက်ပွဲကို ခြိမ်းခြောက်မှု ၊ မက်လုံးပေးမှု၊ အဓမ္မ ဆင့်ခေါ်မှုများဖြင့် ကျင်းပခဲ့သည်ကို တွေ့ဆုံမေးမြန်းမှုများအရ စိစစ်တွေ့ရှိရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက ဖော့လ်ကာ တာ့ခ် (Volker Turk) က ယမန်နေ့ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုများနှင့် တိုင်ပင်ဆွေးနွေးမှုများအရ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို အကြောက်တရားနှင့် ခြိမ်း ခြောက်အကျပ်ခံရသည့် အခြေအနေအောက်တွင်သာ ကျင်းပခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်းထုတ်ဖော်သည်။

မြန်မာပြည်သူများအနေဖြင့် အပြောင်းအလဲအတွက် ရွေးချယ်ခွင့်နှင့် အလားအလာများနှင့် ဆက်စပ်၍ လုံးဝစိတ်ဝင်စားမှုမရှိသည့် အခြေအနေတစ်ရပ်တွင် ထိုရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း

တွေ့ဆုံ ဆွေးနွေးသူအချို့၏ ပြောပြချက်အရ ၎င်းတို့မဲပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မဲမပေးပါက လက်တုံ့ ပြန်အရေးယူခံရမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ရွေးကောက်ပွဲတွင် ကျောင်း ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို မဲပေးရန်တောင်းဆိုခဲ့ပြီး၊ အုပ်ချုပ်ရေးမှူးများကလည်း ပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း လိုက်လံကာ မဲပေးကြရန် ညွှန်ကြားခဲ့ကြောင်း၊ ထို့အပြင် မဲပေးထားသည့် အထောက်အထားမရှိပါက ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) သို့မဟုတ် အခြားအရေးကြီးစာရွက်စာတမ်းများ လုပ်ဆောင်ခွင့်ဆုံးရှုံးမည်ကိုလည်းကောင်း၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်မည်မဟုတ်သည်ကိုလည်းကောင်း စိုးရိမ်သောကြောင့် မဲပေးခဲ့ကြရကြောင်း သိရှိရသည်။

စစ်တပ်၏ ရွေးကောက်ပွဲတွင် မဲပေးရန် အဓမ္မဖိအားပေးမှုများ၊ ငွေကြေးအတင်းအကျပ်တောင်းခံမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများ ရှိခဲ့ကြောင်း၊ အကျဉ်းချခံထားရသော ဆွေမျိုးသားချင်းများကို အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်မှုများလည်း ရှိခဲ့ကြောင်း၊ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများကို ပစ်မှတ်ထား၍ ရိက္ခာလမ်းကြောင်းဖြတ်တောက်မည် သို့မဟုတ် နေအိမ်ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဟုဆိုကာ အဓမ္မစစ်မှုထမ်းရန် ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် ရွေးကောက်ပွဲတွင် မဲမပေးခြင်းကြောင့် နယ်စပ်ဖြတ်သန်းခွင့်မပေးခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ငြင်းဆန်ခြင်း၊ ယာဉ်မောင်းလိုင်စင်နှင့် တက္ကသိုလ်ကျောင်းအပ်နှံမှုများ ထုတ်ပေးရန် ငြင်းဆန်ခြင်းစသည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တစ်ဖက်တွင်လည်း မဲဝယ်ယူရန်အတွက် အပေးအယူလုပ်သည့်အနေဖြင့် လျှပ်စစ်မီတာခ ပေးဆောင်ပေးခြင်း၊ လူထုဟောပြောပွဲများတွင် အစားအစာဝေငှခြင်းနှင့် နေ့စားခပေးခြင်းစသည့် မက်လုံးပေးမှုများလည်း ရှိခဲ့ကြောင်း၊ အကျဉ်းသားများကိုမူ ၂၀၂၅ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းတွင် ကြိုတင်မဲပေးစေခဲ့ပြီး မဲမပေးလျှင် ထပ်တိုးပြစ်မှုများဖြင့် တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ဆိုသည်။

စစ်တပ်က မဲပေးသည့်နေ့ရက်များတွင် မဲရုံများ၏ ဝန်းကျင်အခြေအနေမှာ စစ်ရေးအရ အလွန်အမင်း တင်းကျပ်ထားပြီး မဲရုံအတွင်း၊ အပြင်၌ လက်နက်ကိုင်အဖွဲ့များ ရှိနေခဲ့ကြောင်း၊ မဲရုံများသို့ ဝင်ထွက်သွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့်အပြင်၊ မဲပေးပြီးကြောင်း အမှတ်အသားပြုထားသည့် မဲဆန္ဒရှင်စာရင်းများကို ဒေသဆိုင်ရာအာဏာပိုင်များထံ တင်ပြခိုင်းခြင်းများကြောင့် လျှို့ဝှက်မဲပေးခွင့်နှင့်ပတ်သက်၍ အကြီးအကျယ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု သိရှိရသည်။

သို့သော်လည်း မဲပေးသည့်နေ့များတွင် စိုးရိမ်ခဲ့သလို အရပ်သားများအပေါ် တိုက်ခိုက်မှုများ လက်တွေ့မဖြစ်လာဘဲ လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲဖြစ်ပွားမှုများ လျော့ကျခဲ့သည်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အစီရင်ခံစာက ထုတ်ပြန်ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ အတင်းအကျပ်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ် ပါတီက အမတ်နေရာ ၃၃၉ နေရာဖြင့် အစိုးရဖွဲ့နိုင်သော အရေအတွက်ရရှိကာ အကြမ်းဖက် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ရွေးကောက်တင်မြှောက်ခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးတွင်လည်း မြန်မာစစ်တပ်က ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲသည် အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးရန် မဟုတ်ဘဲ စစ်တပ်အာဏာတည်မြဲရေးအတွက်သာ ဖြစ်ပြီး ကြံ့ဖွတ်နှင့်စစ်တပ်ပေါင်း၍ မင်းအောင်လှိုင်ကို ခေါင်း ဆောင်အဖြစ် ရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ (UN) အထူးကိုယ်စားလှယ် Julie Bishop က ပြောဆိုသည်။

စစ်တပ်က ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့၏ နိုင်ငံရေးပါတီဖြစ်သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မျှော်လင့်ထားသည့်အတိုင်း အပြတ်အသတ်အနိုင် ရရှိခဲ့ကြောင်း၊ ယင်းနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်အတွက် ဖယ်ချန်ထားသည့် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်နေရာများနှင့် ပေါင်းစပ်ကာ စစ်တပ်၏အာဏာကိုသာ ထပ်မံခိုင်မာအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတ်လအတွင်း စစ်တပ် လက်အောက်ခံ လွှတ်တော်က မင်းအောင်လှိုင်ကိုု နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းသည် စစ်တပ်အာဏာစုစည်းမှုကိုသာ ပြသနေပြီး အရပ်သားအစိုးရထံ ကူးပြောင်းခြင်းမဟုတ်ကြောင်း သူက ရှင်းလင်းပြောဆိုသည်။

ကုလသမဂ္ဂအနေဖြင့် စစ်တပ်၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ထောက်ခံခဲ့ခြင်း မရှိသလို စောင့်ကြည့်လေ့လာခဲ့ခြင်းလည်း မရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ (UN) အထူးကိုယ်စားလှယ် Julie Bishop က ထုတ်ဖော်ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article