36 C
Yangon

ကော့သောင်းတွင် ပြည်သူ ၄ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား

Must read

ကော့သောင်းတွင် ပြည်သူ ၄ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ သြဂုတ် ၁၆

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ မလိဝမ်းကျေးရွာသား ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မလိဝမ်းကျေးရွာ၊ အေးသာယာရပ်ကွက် ဗိုလ်ချုပ်လမ်းမနေ အသက် ၄၀ အရွယ် ကိုဖိုးမှေး၊ အသက် ၃၈ နှစ်အရွယ် ဇနီးဖြစ်သူ မမီးမီးတို့နေအိမ်ကို အကြမ်းဖက် စစ်တပ်က ကား ၃ စီးဖြင့် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အေးသာယာရပ်ကွက်၌ နေထိုင်သည့် အသက် ၆၀ နှစ်အရွယ် ဦးဝေ ဆိုသူကို နေအိမ်အတွင်း အကြမ်းဖက် စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း၊ သြဂုတ် ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မလိဝမ်းကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မလှိုင်ဇာနည်ကျော်ကိုလည်း အကြမ်းဖက် စစ်တပ်က နေအိမ်၌ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ ပြည်သူ ၄ ဦးကို ကော့သောင်းမြို့ရှိ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် စစ်ဗျူဟာအဖွဲ့၌ ဖမ်းဆီးထားကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တော ဒေသကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၅ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝကုန်းရွာကို ရောက်ရှိလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျေးရွာမှ ပြန်လည် ထွက်ခွာစဥ်၌ ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းသည် အင်အား ၁၀၀ ခန့်ရှိပြီး သြဂုတ်လ ၁၄ ရက်နေ့က ကျောက်မဲတောင် ရဲစခန်းမှ ထွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ဝကုန်းရွာ၊ ဘဝပင်ရွာ၊ သင်္ကန်းတုံးနှင့် လိပ်ကြယ်ပြောင်ရွာတို့မှ ဒေသ ပြည်သူ အများအပြား နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိချိန်ထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article