32 C
Yangon

အခေါက်ရွှေစျေး ၃၉ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်သော်လည်း ဝယ်ယူ လိုသူ အလွန် များပြားသဖြင့် ရွှေကုန်သည်များနှင့်ရွှေဆိုင်များက အခေါက်ရွှေ အတုံး များကို အရောင်း ပိတ်ကြပြန်

Must read

အခေါက်ရွှေစျေး ၃၉ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်သော်လည်း ဝယ်ယူ လိုသူ အလွန် များပြားသဖြင့် ရွှေကုန်သည်များနှင့်ရွှေဆိုင်များက အခေါက်ရွှေ အတုံး များကို အရောင်း ပိတ်ကြပြန်

ရန်ကုန်၊ ဩဂုတ် ၁၈

ရန်ကုန်နှင့်မန္တလေး ရွှေစျေးကွက်တွင် ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့သော်လည်း ဝယ်ယူလိုသူ အလွန် များပြားသဖြင့် ရွှေဆိုင်နှင့် ရွှေကုန်သည်များက အခေါက်ရွှေအတုံး များကိုမူ အရောင်းပိတ်လိုက်ကြ ကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်း သိရှိရ သည်။

ဩဂုတ်လ ၁၇ ရက်နေ့တွင် ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်း ၈ သောင်းကျပ်အထိ စျေးနှုန်းမြင့် တက်ခဲ့သော်လည်း ရွှေစျေးကွက်တွင် ရွှေဝယ်လိုသူအလွန်များပြားခဲ့ကြောင်း၊ သို့ရာတွင် ရွှေဆိုင်နှင့် ရွှေကုန်သည်များထံတွင် ပစ္စည်း ပြတ်လပ်သည်အထိ ရောင်းချပေးခဲ့ရ သော်လည်း ဝယ်ယူလိုသူများ ကြိတ်ကြိတ်တိုးသဖြင့် အရောင်းရပ်လိုက် ရကြောင်း သိရှိရသည်။

“အရင်ဆိုရင် ရွှေစျေးတက်ရင် ရောင်းသူတွေက စျေးအမြင့်ရတယ်ဆိုပြီး ပြန်ရောင်းကြတာ။ အခုကတော့ ရွှေစျေးက စံချိန်တင် တက်နေလည်း ဝယ်သူပဲရှိတယ်။ ရောင်းသူဆိုတာ ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေကပဲ ရောင်း ပေးနေရတာ။ ရွှေဝယ်ထားတဲ့သူ၊ ရွှေဝယ်စုတဲ့သူတွေက ပြန်ထုတ် ရောင်းတာမျိုး မရှိဘူး။ အဲဒါကတော့ အတော်ထူးခြားတယ်။ ရွှေဝယ်တယ် ဆိုတာကလည်း မီးလင်းရွှေရော အထည်တွေရော ဝယ်နေကြတာ။ အဓိက ကျပ်ငွေ တန်ဖိုး ကျမှာကြောင့် ရွှေကို ဆက်တိုက် ဝယ်နေကြတာ။ ရွှေအထည် ကတော့ ဆိုင်တွေမှာ ဝယ်လို့ရပေမယ့် ရွှေတုံး အခေါက်ရွှေအတုံးကတော့ အရောင်းပိတ်ထားကြတယ်” ဟု ရန်ကုန်ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လတ်တလော ကမ္ဘာ့ရွှေစျေးကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၈၈၉ အထိ စျေးနှုန်း အမြင်ဆုံး ထိုးကျနေသော်လည်း မြန်မာ့ ရွှေစျေးနှုန်းမှာမူ ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်းကြောင့် အမြင့်ဆုံးကို စံချိန်တင် ထိုးတက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၈၃၀ ကျပ်နှင့် ရွှေစျေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်း နီးပါး စျေးပေါက် နေကာ စျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိနေကြောင်း စျေးကွက် ကျွမ်းကျင်သူ ရွှေကုန်သည်နှင့်ဒေါ်လာ ဝယ်ရောင်းများက ခန့်မှန်းပြော ဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်ရှိ အောင်သမာဓိရွှေဆိုင်တွင် ရွှေဝယ်ကြသူများ။ (ပုံအဟောင်း ဖြစ်ပါသည်။)

ရန်ကုန်ရှိ အောင်သမာဓိရွှေဆိုင်တွင် ရွှေဝယ်ကြသူများ။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article