26 C
Yangon

စလင်း၊ ရမ်းဗြဲ နှင့် ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ၊ မြေပြင် စစ်ကြောင်းကလည်း ပြည်သူ ၁၇ ဦးကို လူသားဒိုင်အဖြစ် ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်လာသော အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၁၇ ဦးကို လူသားဒိုင်အဖြစ် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ဂွေးပင်ချောင်းကျေးရွာမှ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းသည် စလင်းမြို့နယ် တညောင်တိုက်နယ် ချင်ထောင် ကျေးရွာကို ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ချင်ထောင်ကျေးရွာမှ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ချင်ထောင်ကျေးရွာနေ အမျိုးသမီး ၁၇ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လက်နက်ငယ်နဲ့ ပစ်ခတ်လို့ ပြည်သူ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေး စစ်ကြောင်းဝင်ရောက်လာလို့ ထွက်ပြေးတဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်တာ ချင်ထောင်ကျေးရွာက အမျိုးသမီး ၁၇ ဦးကိုလည်း စစ်ခွေးတွေက ဖမ်းဆီးထားတယ်။ လက်ရှိမှာ စစ်ကြောင်းက စလင်းမြို့နယ်၊ တညောင်ကျေးရွာဘက်ကို သွားတယ်လို့ သိရတယ်။ ပြည်သူ‌တွေ အနေနဲ့ စစ်ကြောင်း၊ လေကြောင်း၊ လက်နက်ကြီး အန္တရာယ် သတိပြုနေထိုင်ဖို့နဲ့ စစ်ကြောင်းလာရင် ရှောင်ကြဖို့ ပြောချင်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် ၄ ရပ်ကွက်အတွင်းကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း လေးတောင်မြို့၊ အမှတ် ၄ ရပ်ကွက်အတွင်းရှိ နွား ၁ ကောင် သေဆုံးသွားခဲ့ပြီး၊ ကျန်နွား ၁ ကောင်လည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၃ နာရီ ၁၆ မိနစ်မှာတစ်ကြိမ်၊ ၃ နာရီ ၂၃ မိနစ်မှာတစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ် အသေခံဒရုန်း ၂ စီးနဲ့ လေးတောင်မြို့ အမှတ် ၄ ရပ်ကွက်ထဲကို လာပြီး ဗုံးကျဲတိုက်ခိုက်သွားတာ ဖြစ်တယ်။ ပြည်သူတွေ ထိခိုက်တာနဲ့ နေအိမ်ပျက်စီးတော့ မရှိပါဘူး။ ရမ်းဗြဲမြို့ပေါ်အပါအဝင် မြို့နယ်တဝိုက်ကို အခုနောက်ပိုင်း စကစ တိုက်လေယာဉ်တွေနဲ့ Y-12 လေယာဉ်တွေနဲ့ အုပ်စုလိုက် မကြာခဏ ဗုံးကျဲတိုက်ခိုက်နေတာ ဖြစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇွန်လ ၁ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်စခန်းအတွင်း ခိုလှုံနေသည့် အသက်ကြီးပိုင်း အမျိုးသား ၂ ဦး ဗုံးစထိမှန်ကာ နေရာတင် သေဆုံးခဲ့ပြီး အမျိုးသမီး ၄ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်ပင်ထီးပျူစောထီးကျေးရွာရှိ အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အင်ပင်ထီးပျူစောထီးကျေးရွာရှိ အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် အနောက်မြောက်ဘက်ကို ၂ ကြိမ်နှင့် အနောက်ဘက်ကို ၂ ကြိမ်၊ စုစုပေါင်း ၄ ကြိမ် ပစ်ခတ်ခဲ့ရာ မဲဇရပ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

“ဒီနေ့မွန်းလွဲပိုင်းမှာ အင်ပင်ထီးပျူစောထီးရွာကနေ စစ်ခွေးတွေက မြောက်အရပ်နဲ့ အနောက်မြောက်အရပ်ဘက်ကို လက်နက်ကြီးတွေနဲ့ ၄ ကြိမ်တိုင်တိုင် ရမ်းပစ်တာပါ။ အဲဒီလို ပစ်ခတ်ခဲ့တဲ့အထဲက ၃ ကြိမ်မြောက် ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က မဲဇရပ်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာ။ ရွာထဲကျလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နေအိမ်ပျက်စီးတာတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် မတ်လအတွင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် ကျေးရွာများကို စီးနင်းစဉ် ပြည်သူများကို လူသားဒိုင်းအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် အလယ်ဘုံရွာ၊ ရိုးရွာနှင့် ချောင်းကန်ရွာတို့မှ ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ချောင်းကန်ရွာ မြောက်ထိပ် အနောက်ဘုန်းကြီးကျောင်းအနီးရှိ နွားချေးပုံများအောက်တွင် မြှုပ်နှံထားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article