ရန်ကုန်၊ ဇွန် ၅
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ လောင်းလုံးမြို့သို့ အကြမ်းဖက် စစ်တပ်က စစ်ကူစစ်ကြောင်းများ ပို့ဆောင်နေပြီး တော်လှန်ရေးတပ်ကလည်း လမ်းတောက်လျောက် မိုင်းဆွဲ တိုက်ခိုက်၍ အထိနာနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နှင့် သရက်ချောင်းမြို့ဘက်မှ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမြောကင်းတံတားမှနေ၍ လောင်းလုံးမြို့ဘက်ကို ခြေလျင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း၊ ထိုစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းတောက်လျောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်းမှာ ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ရပ်တန့်ခဲ့ကြောင်း၊ သို့သော် ယနေ့တွင် စစ်ကြောင်းသည် ထပ်မံ အင်အားဖြည့်တင်းပြီး လောင်းလုံးမြို့ဘက်သို့ ရှေ့ဆက် စစ်ကြောင်းထိုးလာကြောင်း သိရှိရသည်။
“မနေ့ ညနေ အဲ့ကောင်တွေလာတည်းက မိုင်းစဆွဲတာနဲ့ထိတာပဲ အပုံလိုက်ကြီး ပြန်လန်သွားတယ်။ အခုထပ်တိုးအင်အားနဲ့ ပြန်ဆင်းနေပြီ လာတာက သရက်ချောင်းနဲ့ ထား၀ယ်မြို့ထဲက စစ်ခွေးတွေလည်းပါတယ်။ အခုဆို ထား၀ယ်ဖက်က ထပ်တိုးအင်အားတွေလာပို့နေတုန်းပဲ ကမြောကင်းတံတားကိုဖြတ်ပြီး လောင်းလုံးဘက်ကိုပို့နေတာ မြို့ပေါ်မရောက်သေးဘူး။ ဒီကောင်တွေက မြို့ပေါ်အထိဆို ခြေလျင်လာရအုန်းမယ် အဝေးကြီးကျန်သေးတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဇွန်လ ၃ ရက်နေ့ကလည်း စစ်ပြဲကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့သောစစ်တပ်သည် ယနေ့ နံနက် ၅ နာရီခန့်တွင် ညင်းမော်ရွာဘက်ကို ရောက်ရှိနေပြီး ရွာထဲ၌ တပ်စွဲထားသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထိုစစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
“စစ်ပြဲကျေးရွာထဲမှာ မနေ့ကအထိ တပ်စွဲထားတဲ့ စစ်ခွေးတွေ ဒီနေ့နံနက် ၅ နာရီလောက်ကစပြီး စစ်ပြဲကျေးရွာထဲကနေ ပြန်ဆုတ်သွားပြီ အခု ညင်းမော်ကျေးရွာကိုရောက်နေတယ်။ ရွာထဲက နေအိမ်တွေထဲမှာ ၀င်ရောက်တပ်စွဲအခြေပြုထားတယ်။ စစ်ပြဲမှာ ဖမ်းထားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့သိရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။
ထို့ပြင် ဇွန်လ ၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စစ်ပြဲရွာ ဘုန်းကြီးကျောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်ကြောင်းအထိနာ၍ ထားဝယ်မြို့ဘက်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများနှင့် လောင်းလုံးမြို့နယ်အတွင်းကို အချက်ရေ အမြောက်အများ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ်ကလည်း စစ်ပြဲကျေးရွာအတွင်းရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။




