ထိုးစစ်ကာလအတွက် ထောက်ပို့အစီအစဉ်သစ်တွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် NUG ကာကွယ်ရေး ဝန်ကြီးဌာန ဖိတ်ခေါ်
ရန်ကုန် ၊ ဩဂုတ် ၂၉
မြို့ပြပျောက်ကြားအဆင့်မှ ရန်သူ့နောက်တန်းအမာခံစခန်းများကို တိုက်ခိုက်သည်အထိ စစ်ရေးအခြေ အနေပြောင်းလဲလာသောကြောင့် ထိုးစစ်ကာလအတွက် ထောက်ပို့အစီအစဉ်သစ်တွင် ပြည်သူများပါဝင် ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဘဏ္ဍာရေးညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြား ကပြောသည်။
လက်ရှိ စစ်ရေးအခြေအနေသည် စစ်မျက်နှာများပြောင်းလဲလာသလို တပ်ရင်းတပ်ဖွဲ့များတည်ထောင်သည့် ကာလမှသည် လက်နက်တပ်ဆင်သည်ကာလအထိအဆင့်ဆင့်ပြောင်းလဲလာပြီး ယခုအခါတိုက်စစ်မှ ထိုးစစ်အထိပြောင်းလဲစတင်လာကြောင်း၊မူလကခုခံတော်လှန်စစ်အဖြစ် စစ်ကိုင်း၊ချင်း၊ကရင်၊ ကရင်နီ နယ်စပ် ဒေသများမှာသာဖြစ်နေသော်လည်း လက်ရှိအခြေအနေတွင် စစ်မျက်နှာကျယ်လာပြီး စစ်မျက်နှာဖွင့် သည်နေရာ အများအပြားဖြစ်လာကြောင်း ကိုကျော်ကြားကပြောသည်။
နေပြည်တော်နှင့်မဝေးသည့်နေရာများတွင်လည်း တိုက်ပွဲများဖော်လာပြီးနောက်ထပ်လည်း စစ်ဆင်ရေးများ ပြုလုပ် သွားရန် ရှိပြီး စစ်ကောင်စီနေပြည်တော်စစ်ဌာနချုပ်ကို အကြိုထိုးစစ်ကစပြီးလုပ်ဆောင်နေကြောင်း၊ တဖက်တွင်လည်း ရန်သူများ၏စစ်စခန်းများသိမ်းပိုက်နိုင်လာသလို ရန်သူ့တပ်သားများထွက်ပြေးမှုများ လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။
ယင်းအပြင် ရန်သူနောက်တန်း အမာခံစခန်းများကို တိုက်ခိုက်သည်စစ်ရေးအစီအမံများ အကောင်အထည် ဖော်လာနေသည့် အခြေအနေများကြောင့် ထိုးစစ်ကိုကူးပြောင်းရန်လိုအပ်သည်ဟု ဆုံးဖြတ်ချက်ချထား ကြောင်း၊ ထိုးစစ်ကာလဟုဆိုရာတွင် လိုအပ်ချက်များစွာရှိနေပြီး အကြမ်းဖျင်းလိုအပ်ချက် ၆ မျိုးကို ဦးစားပေးလျာထားကြောင်း ဘဏ္ဍာရေးညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြား ပြောသည်။
စွမ်းရည်မြင့် လက်နက်များ၊ ကျည်နှင့် ခဲယမ်းများ၊ ထုတ်လုပ်ရေးအသုံးစရိတ်များ၊ ဆေးဝါးများနည်းတူ စားနပ်ရိက္ခာဖူလုံရေးသည်လည်း အလွန် အရေးကြီးလိုအပ်သော အခန်းကဏ္ဍတစ်ခု ဖြစ်ခြင်းကြောင့် စစ်ရေး အခြေအနေများနှင့်အညီ ထောက်ပို့ အခန်းကဏ္ဍ၏ ခြေလှမ်းအသစ်အဖြစ် PRF 2.0 ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ကိုကျော်ကြားကပြောသည်။
ယင်းအစီအစဥ်အသစ်တွင် ထောက်ပို့မိသားစုဝင်များ ထောက်ပို့လိုသော တိုင်းနှင့်ပြည်နယ်များကို ရွေးချယ်ခွင့်ရရှိမည်ဖြစ်ပြီး ထောက်ပို့မိသားစုဝင် ရွေးချယ်ထားသည့် ဒေသများတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများ (သို့) မဟာမိတ် တော်လှန်ရေးအဖွဲ့ အစည်းများထံသို့ ခွဲဝေပေးပို့သွားမည် ဖြစ်ဟုဆိုသည်။
ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု (PRF) အစီအစဥ် စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဧပြီလ အထိ၊ (၁၇) လတာ ကာလအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၀.၉၃) သန်း ရရှိခဲ့ပြီးယင်း အစီအစဉ်ရရှိသည်ထောက်ပို့ငွေသည် တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်သည့် အတွက် ယခု အစီအစဉ်သစ်တွင်လည်း ပြည်သူများ ပါဝင်ပေးကြရန် ဖိတ်ခေါ်ကြောင်း ဘဏ္ဍာရေးညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြား ကပြောသည်။
ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု (PRF) အစီအစဥ် PRF 2.0 အစီအစဉ်တွင်ပါဝင်လိုသည် ပြည်သူများ အနေဖြင့် PRF – People’s Revolution Supply Family ဖေ့ဘွတ်စာမျက်နှာတွင် လာရောက်ဆက်သွယ် နိုင်ကြောင်း သိရသည်။