35 C
Yangon

မြိုင်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ ရွှေဘိုမြို့ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

မြိုင်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ ရွှေဘိုမြို့ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မြိုင်မြို့နယ်၊ဆားလင်းကန်ကျေးရွာနှင့် သရက်ကွ ပျူစောထီးရွာ အကြားတွင် အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သွားသော အသက် ၄၀ ဝန်းကျင်ရှိ အမည်မသိ ပြည်သူ ၁ ဦး၏ ရုပ်အလောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ဝင်ရောက်စဥ် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် သတ်ဖြတ်သွားသော အသက် ၄၀ ဝန်းကျင်ရှိ အမည်မသိ အမျိုးသား ရုပ်အလောင်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ လက်မောင်းပွန်းပဲ့ဒဏ်ရာ၊ပေါင်ခြံပွန်းပဲ့ဒဏ်ရာနှင့် ခြေဖမိုးအထက် ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ စက်တင်ဘာ ၄ ရက်နေ့က သရက်ကွ ပျူစောထီးရွာကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Kawlin info အဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ကောလင်းမြို့ အနောက်ဘက်ခြမ်း ရွာတစ်ရွာတွင် နေထိုင်သည့် အသက် ၆၀ အရွယ် ဦးပေါ်ထွန်းသည် တီဘီရောဂါကို မန္တလေးမှ ဆေးခန်းပြပြီး ပြန်လာစဥ် ရွှေဘို‌မြို့အရောက်၌ စစ်တပ်၏ မြောင်းကြီး စစ်ဆေးရေးဂိတ်တွင် လမ်းဆင်းလျောက်၍ မှတ်ပုံတင်ပြသခိုင်းစဥ် ရောဂါအခြေအနေကြောင့် ဦးပေါ်ထွန်းက ဆင်း၍ လမ်းမလျောက်နိုင်ဘဲ ကားခေါင်းခန်းတွင် ထိုင်နေစဥ် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဦးခေါင်းတွင် ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်သားများက ဦးပေါ်ထွန်း၏ ရုပ်အလောင်းကို ရွှေဘိုမြို့ရင်ခွဲရုံကို ယူဆောင်သွားပြီး စက်တင်ဘာလ ၅ ရက်နေ့၌ မိသားစုဝင်များကို ပြန်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article