မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး အစာငတ်ခံ ဆန္ဒပြနေ
ရန်ကုန်၊ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ရုံးမထွက်ဘဲ အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်လျက်ရှိကြောင်း စစ်ကိုင်းဖိုရမ် ၊ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်လုပ်ငန်း အဖွဲ့ ခေါင်းဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ စက်တင်ဘာလ ၈ နံနက်ပိုင်း မုံရွာအကျဉ်းထောင်ထဲသို့ ဌာနပေါင်းစုံ အထူးရှာဖွေရေးများ ဝင်ရောက်စစ်ဆေးခဲ့သဖြင့် မုံရွာအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက အစာအငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းး၊ လက်ရှိတွင် အစာအငတ်ခံ ဆန္ဒပြနေကြသည့် နိုင်ငံရေး အကျဉ်းသား ၁၄ ဦးကို မုံရွာအကျဉ်းထောင်အတွင်းရှိ သီးသန့်ဆောင်တွင် ချုပ်နှောင်ထားပြီး ၂၄ နာရီမပြတ် ထောင်ဝန်ထမ်းများက စောင့်ကြည့်နေကြောင်း၊ အစာအငတ်ခံ တိုက်ပွဲသည် ရေရှည်တိုက်ပွဲဖော်ဆောင် ခြင်းဖြစ်ပြီး ဆင့်ကဲဆင့်ကဲ အစာငတ်ခံဆန္ဒပြမှုများကို တောင်းဆိုချက်များ မရမချင်း ဖော်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
“ကျနော်သိထားတာကတော့ မနက်က ဆပ်ပလိုင်းချက် ဝင်ပြီးတော့ မတရားဖမ်းဆီးခံရတဲ့ အကျဉ်းသား တွေရဲ့ အသုံးအဆောင် ပစ္စည်းတွေ၊ အဝတ်အထည်တွေကို အမှိုက်ထဲလွှင့်ပစ်တာတွေ၊ စားစရာတွေကို လွှင့်ပစ်တာတွေ လုပ်တယ်၊ ဒါကစစ်ခွေး လက်ပါးစေတွေက လုပ်တာပေါ့၊ အကြောင်းပြချက်ကတော့ အကျဉ်းသား တစ်ယောက်စာထက် အသုံးအဆောင်ပစ္စည်းတွေက ပိုနေလို့ဆိုပြီးတော့ အဲလိုလုပ်ကြ တယ်တဲ့၊ လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို ဒီနေ့ ရုံးထုတ်ဖို့ရှိတဲ့ အကျဉ်းသားတွေက ရုံးမထွက်ပဲနဲ့ မနက်ပိုင်းကတည်းက ဆန္ဒပြတယ်လို့ သိရတယ်” ဟု စစ်ကိုင်းဖိုရမ် ၊ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန် ရက် လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မုံရွာအကျဉ်းထောင်တွင် ဌာနပေါင်းစုံ အထူးရှာဖွေရေး လုပ်ဆောင်ရာတွင် အကျဉ်းဦးစီးဌာနက ဆောင်ရွက်ခြင်းမဟုတ်ဘဲ အထက်အမိန့် အရ ပုံစံဖြင့် စစ်ထောက်လှမ်းရေး၊ ရဲဘက်ဆိုင်ရာ ထောက်လှမ်းရေး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာ ကွယ်ရေးဝန်ကြီးဌာနများက စေလွတ်သည့် ရှာဖွေရေးလုပ်ငန်းမျိုးဖြစ်ကြောင်း၊ ယခုကဲ့သို့ အထူးရှာဖွေ ရေးများသည် အကျဉ်းဦးစီးဌာန၏ ရှာဖွေရေးများနှင့် မတူဘဲ လက်နက်ကိုင်စစ်သားများ၊ အကြမ်းဖက် နှိမ်နင်းရေးစစ်သားများ၊ နယ်မြေလုံခြုံရေးရဲသားများနှင့်အတူ အရပ်ဝတ်များလည်း ပါဝင်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊၂၀၂၁ ခုနှစ် ဇန်နဝါရီလ က ထောင်ဆူသည့် ကိစ္စနှင့်ပတ်သက်ပြီး ယခုကဲ့သို့ အထူး ရှာဖွေရေး ဝင်ရောက်ခဲ့ဖူးခြင်း ရှိသော်လည်း ယခုတစ်ကြိမ်ဝင်ရောက်မှုသည် မည်သည့်အတွက်ကြောင့် ဝင်ရောက်ခြင်းမသိရ မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံက ပြောသည်။
ယခုကဲ့သို့ ရှာဖွေရေး မဝင်ရောက်မီ ထောင်ဝင်စာပေးပို့မှုနှင့် ပတ်သက်ပြီး တင်းကျပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ အထူးရှာဖွေရေးခေါင်းစဉ်တပ်ကာ နိုင်ငံရေး အကျဉ်းသားများ၏ ကိုယ်ပိုင် ပစ္စည်း၊ အစားအ သောက်များ၊ အဝတ်အစား၊ ပန်းကန်ခွက်ယောက်နှင့် စာအုပ်များ သိမ်းဆည်းခံရပြီး အဝတ် တစ်ထည် ကိုယ်တစ်ခုဖြင့် နေထိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်ဆက်ဆံခြင်း၊ နှိမ့်ချစော်ကားခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံ ရေးအကျဉ်းသားများက သိမ်းဆည်းထားသော ပစ္စည်းများ ပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း အကျဉ်း ဦးစီးဌာနက ၎င်းတို့ဌာနမှ ပြုလုပ်ခြင်းမဟုတ်သဖြင့် မဆောင်ရွက်နိုင်ဟု ငြင်းဆန်ခဲ့ကြောင်း၊ ထို့ကြောင့်စစ်ကောင်စီနှင့် လက်အောက်ခံ ဌာနယန္တရားများ၏ တမင်သက်သက် ဖိနှိပ်ညှင်းပန်းမှုကြောင့် တောင်း ဆိုချက်မရမချင်း အစာငတ်ခံ တိုက်ပွဲဝင်မည်ဟု နိုင်ငံရေးအကျဉ်းသားများကဆုံးဖြတ်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း အကျဉ်းထောင်တွင်း အစာအငတ်ခံ ဆန္ဒပြမှုများရှိနေသလို တစ်ဖက်တွင်လည်း နိုင်ငံရေးအကျဉ်းသားတစ်ချို့ကို တိုက်ပိတ်ပြစ်ဒဏ် ပေးထားကာ ထောင်ဝင်စာ လက်ခံမှုကို ပိတ်ထား ကြောင်း၊ မုံရွာ အကျဉ်းထောင်အတွင်း၌ ကောင်းမွန်သည့် အစားအသောက်မရမှု၊ ပြည့်စုံသည့် ကျန်းမာ ရေး စောင့်ရှောက်မှု မရရှိသည့်အပြင် အဝတ်အထည်များ၊ အသုံးအဆောင်များနှင့် အစားအသောက်များ သိမ်းဆည်းခံရမှုကြောင့် အကျဉ်းသားများ၏ နေထိုင်မှုသည် ပိုမိုဆိုးဝါးလာစေခဲ့သည်ဟု မုံရွာလူထု သပိတ် တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
မုံရွာအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ညှင်းပန်းမှုများ တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလာပြီး နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအနေသည် စိုးရိမ်ရ သည့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် လက်အောက်ခံ စစ်သားများမှ နိုင်ငံ ရေး အကျဉ်းသားများအပေါ် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ညှင်းပန်းမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ သို့သော်လည်း နိုင်ငံရေးအကျဉ်းသား များအနေဖြင့် ဒူးမထောက် လက်မမြောက်ပဲ တောင်းဆို ချက်များ ကို မရမခြင်း အစာအငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
