စဥ့်ကူး၊ စားသောက်ဆိုင်တွင် ထမင်းလာစားသည့် ပျူစောထီး ၁ ဦးကို PDF က တိုက်ခိုက်မှုအတွက် အငြိုးထားကာ ဆိုင်ပိုင်ရှင် နှင့် ဆွေမျိုး ၄ ဦး ကို စစ်သား နှင့် ပျူစောထီးများက သတ်ဖြတ်
ရန်ကုန်၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှ၊ ငွေတောင်ရွာ မန္တလေး-မိုးကုတ် ကား လမ်းဘေးရှိ ဖွင့်လှစ်ထားသော အလင်းဆိုင် စားသောက်ဆိုင်မှ ပြည်သူ ၄ ဦး ကို အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက သတ်ဖြတ်ပြီး ရုပ် အလောင်း များကို စွန့်ပစ်သွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။
စက်တင်ဘာ ၁၇ ရက်နေ့ ည ၁၂ နာရီကျော်အချိန် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ က ကားတစ်စီးဖြင့် အလင်းဆိုင်စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်ရှေ့တွင် ဆိုင်ပိုင်ရှင် ဦးမောင်သိန်းကို ပါးစပ်အတွင်းသို့ သေနတ်ထည့်၍ တေ့ကာ ပစ်သတ်လိုက်ကြောင်း၊ ယင်းနောက် ဆိုင်အတွင်းမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
သတ်ဖြတ်ခံရသူများမှာ အသက် ၄၃ နှစ် ကျော်အရွယ်ရှိ ဦးမောင်သိန်းနှင့် ဇနီးဖြစ်သူ အသက် ၄၅ ကျော်အရွယ်ရှိ ဒေါ်မြမြဝင်း၊ အသက် ၃၀ ကျော် အရွယ်ရှိ ကိုကျင်နှင့် ဇနီးဖြစ်သူ အသက် ၃၅ နှစ်အရွယ်ရှိ မစု တို့ ဖြစ်ကြောင်း ၊ ဖွင့်လှစ်ထားသည့် အလင်းဆိုင်စားသောက်ဆိုင်ရှေ့တွင် ဦးမောင်သိန်းကို သတ်ဖြတ်ပြီးနောက် ဇနီးဖြစ်သူ ဒေါ်မြမြဝင်းနှင့် နောက်ထပ် ဇနီးမောင်နှံ လင်မယားစုံတွဲဖြစ်သည့် ကိုကျင်တို့ လင်မယားကို ငွေတောင်၏ အနောက် ဘက်တွင် ၃ ယောက်လုံး တစ်ပြိုင်တည်း သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
အလင်းဆိုင်စားသောက်ဆိုင်မှ ပြည်သူ ၄ ဦးကို မတ္တရာ ရေတော် လက်မရွံ ပျူစောထီးအဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၊လွန်ခဲ့သည့် ၂ ပတ်လောက်ခန့် ရေတော်ရွာ ပျူခေါင်းဆောင် ငနိုင်၏ သားဖြစ်သူသည် အဆိုပါ ထမင်းဆိုင်တွင် လာရောက်ထမင်းစားနေသည့်အချိန် PDF အဖွဲ့က ဝင်ရောက် ပစ်ခတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ထမင်းဆိုင်ကို အငြိုးထားကာ စစ်တပ်နှင့် ပျူစောထီးအဖွဲ့က ဆိုင်ရှင်ဖြစ်သူ ဦးသိန်းနှင့် ဇနီး အပါအဝင် ပြည်သူ ၄ ဦးကို လာရောက် သတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
သေဆုံးသူ မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက “လင်မယား စုံတွဲတွေက သူဟာ သူ အေးဆေးနေတာပါ။ အဲ့ဒီမှာ ထမင်းဆိုင်ရောင်းနေတာနှစ်ပေါင်း တော်တော် ချီနေပြီ။ ပြဿာနာလည်း သိပ်ထွေထွေထူးထူးထူး မရှိဘူး။ ဒီလုပ်ရပ်က စစ်တပ်နဲ့ ဗျူစောထီးတွေ လုပ်သွားတယ်လို့ ယုံကြည်တယ်”ဟုပြောသည်။
သေဆုံးသွားသူများတွင် ကလေးများကျန်ရစ်ခဲ့ပြီး သေဆုံးသူများ၏ ရုပ် အလောင်း များကိုမှု မန္တလေး ရင်ခွဲရုံပို့ထားကြောင်း၊ ယင်းအထဲမှ ဦးမောင်သိန်း နှင့် ဇနီးဖြစ်သူ ဒေါ်မြမြဝင်း ရုပ်အလောင်း ကို ယမန်နေ့တွင် သင်္ဂြိုလ်ပြီးစီးခဲ့ ကြောင်း သိရသည်။


