အာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြား မတက်ရောက်ခဲ့တဲ့ အာဆီယံ လေတပ်ညီလာခံအပြီး ထိုင်းလေတပ်ဦးစီးချူပ် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့
ရန်ကုန်၊ စက်တင်ဘာ ၁၉
အာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြား မတက်ရောက်ခဲ့တဲ့ အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို တက်ရောက်ခဲ့တဲ့ ထိုင်းလေတပ်ဦးစီးချုပ် Alongkorn Vannarot ဟာ ညီလာခံအပြီးမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းအွန်လိုင်းသတင်းစာ Prachatai က ဖော်ပြခဲ့ပါတယ်။
ဒါဟာ ထိုင်းလေတပ် အကြီးအကဲအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် နိုင်ငံအများအပြားက ဒဏ်ခတ်ပိတ်ပင်ထားမှုတွေကို မသိကျိုးကျွံပြုပြီး အကြမ်းဖက်မြန်မာစစ်တပ်က ဦးစီးကျင်းပတဲ့ အာဆီယံ လေတပ်ညီလာခံကို တက်ရောက်ခဲ့ခြင်း ဖြစ်တာလို့လည်း Prachatai က ဆိုတာပါ။
ပြည်တွင်းတော်လှန်ရေး အဖွဲ့အစည်းအများအပြားက ကန့်ကွက်ခဲ့ပြီး အာဆီယံ ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ အင်ဒိုးနီးရှား၊ စင်္ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ မတက်ရောက်ခဲ့တဲ့ နေပြည်တော် လေတပ်ဦးစီးချုပ် ညီလာခံအပြီး မှာ ထိုင်းလေတပ်ဦးစီးချုပ် Alongkorn Vannarot ကို စစ်ကောင်စီက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ကြောင်း မြန်မာစစ်တပ် ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
အရပ်သား ပြည်သူတွေအပေါ် ရက်စက်ယုတ်မာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အဓိက တာဝန်ရှိတဲ့ မြန်မာလေတပ် စစ်ဦးစီးချုပ် ထွန်းအောင် ဦးဆောင်ကျင်းပတဲ့ ဒီညီလာခံကို အာဆီယံ လက်ရှိဥက္ကဌ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့က မတက်ရောက်ခဲ့ဘဲ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ကတော့ လူကိုယ်တိုင်မတက်ဘဲ ဗီဒီယို သတင်းစကားသာ ပေးပို့ခဲ့တာပါ။
အာဆီယံ ငါးနိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံက လေတပ်အကြီးအကဲတွေကတော့ ကိုယ်တိုင်တက်ရောက်လာကြောင်း စစ်ကောင်စီက စက်တင်ဘာ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီညီလာခံအပြီးမှာတော့ ထိုင်း ဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Alongkorn Vannarot ကို စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင် ကိုယ်တိုင် ကြိုဆိုတွေ့ဆုံခဲ့ပြီး ကျန်နိုင်ငံတွေရဲ့ လေတပ်ဦးစီးချုပ်တွေကိုတော့ စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းက ကြိုဆိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ထိုင်းလေတပ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ ထိုင်း-မြန်မာ စစ်တပ်အကြား ဆက်ဆံမှု ခိုင်မာရေး၊ နှစ်နိုင်ငံ လေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ၊ ထိုင်း – မြန်မာ လေတပ် အဆင့်မြင့် အရာရှိတွေကြား အပြန်အလှန် သင်တန်းပို့ချ လေ့လာနိုင်ရေး နဲ့ ထိုင်း-မြန်မာ နယ်စပ် လုံခြုံရေး အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ပရာချာထိုင်း သတင်းဌာနက ထိုင်းလေတပ် ဝဘ်ဆိုက် ကဖော်ပြချက်ကို ကိုးကားပြီး ရေးသားထားပါတယ်။
အကြမ်းဖက် မြန်မာစစ်တပ်က ဦးဆောင်မယ့် အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် မတက်ရောက်ကြဖို့ အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတာပါ။
စစ်ကောင်စီဟာ အရပ်သားအစိုးရဆီက မတရားအာဏာသိမ်းယူထားပြီး ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေချိန်မှာ အာဆီယံအဖွဲ့က ဒီညီလာခံကို ကျင်းပခွင့်ပေးခြင်းဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ် တိုက်ခိုက်မှုတွေကို ဆက်လက်ကျူးလွန်ဖို့ အားပေးရာရောက်နေတာ ဖြစ်လို့ ညီလာခံကို ဖျက်သိမ်းဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကလည်း ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းခဲ့ပါသေးတယ်။
နေပြည်တော်မှာ ကျင်းပမယ့် လေတပ်ညီလာခံကို ဖျက်သိမ်းပေးဖို့အတွက် တောင်းဆိုခဲ့တဲ့ Justice For Myanmar (JFM ) အဖွဲ့ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာစစ်တပ်က ဦးစီးကျင်းပမယ့် အာဆီယံလေတပ် ညီလာခံမှာ ပါဝင်တက်ရောက်ခြင်းဟာ မြန်မာနိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အရေးမစိုက်ဘူး ဆိုတာကို ပြသရာရောက်ပြီး၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကိုလည်း ပျက်ပြားစေမှာ ဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က
“အာဆီယံဟာ သူ့ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတွေကတစ်ဆင့် မြန်မာစစ်ရာဇ၀တ်ကောင်တွေကို အားပေးအားမြှောက်ပြုနေသလို၊ တရားဝင်မှု ရရှိအောင်လည်း ဖန်တီးနေတာ ဖြစ်တယ်။ ဒါဟာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေပြီး အကျပ်အတည်းကိုလည်း ပိုမိုဆိုးရွားစေပါတယ်” လို့ ပြောခဲ့ပါတယ်။