ထားဝယ်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်လာသောကြောင့် ကျေးရွာ ၇ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရ
ရန်ကုန်၊ စက်တင်ဘာ ၁၉
ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်လာသောကြောင့် ကျေးရွာ ၇ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ထီးခီးနယ်စပ်ဘက်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မေတ္တာမြို့မှတဆင့် ကျောက်မဲတောင်ရဲစခန်းကို ရောက်ရှိလာပြီးနောက် ထားဝယ်ဘက်ကို ထွက်ခွာသွားကြောင်း သိရှိရသည်။
အလားတူ အင်အား ၅၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း တစ်ကြောင်းသည် ထားဝယ်ဘက်မှ အရှေ့တောဒေသကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာကြောင်း၊ ထိုသို့ စစ်ကြောင်း ၂ ကြောင်း ရောက်ရှိလာခြင်းကြောင့် အရှေ့တောဒေသရှိ ဝကုန်း၊ ဘဝပင်၊ သင်္ကန်းတုံး၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ရမ္မဇူနဲ့ ပခပ်ရွာမှ ဒေသ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ ကျေးရွာများသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းများ မကြာခဏ ရောက်ရှိလာခြင်းကြောင့် စစ်ဘေးရှောင်နေရသည့် ရွာများဖြစ်ကြောင်း၊ ကျောက်မဲတောင် ရဲစခန်းမှ ထွက်လာသည့် စစ်ကြောင်းသည် ထားဝယ်ဘက်ကို တောလမ်းအတိုင်း ဦးတည်ချီတက်နေပြီး စစ်ကြောင်းရှိနေသည့် တောတဲများဘက်မှ ပေါက်ကွဲသံများ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်နေကြောင်း၊ ထားဝယ်ဘက်ကို ဝင်သွားသည့် စစ်ကြောင်းသည် ပခပ်ရွာကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်၌ ရောက်ရှိလာပြီး လူသားဒိုင်းအဖြစ် ဒေသခံ အနည်းဆုံး ၅ ဦးခန့်ကို ဖမ်းဆီးကာ တောလမ်းအတိုင်း ဆက်သွားကြောင်း သိရသည်။
အရှေ့တောဒေသသည် ထားဝယ်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အများစု အဓိက လှုပ်ရှားသည့် နေရာဖြစ်ပြီး ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားသည့် နေရာဖြစ်သောကြောင့် စစ်ကောင်စီစစ်ကြောင်းနနှင့် ယာဥ်တန်းများ ဝင်ရောက်ချိန်တိုင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှုများနှင့် ကြားဖြတ်တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။