တနင်္သာရီရှိ ဗောဓိကမ်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၂ ပါး ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ဗောဓိကမ်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၂ ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အောက်ကင်းရွာအခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၇ တပ်ရင်းက ဗောဓိကမ်းရွာရှိ ရတနာဗောဓိဘုန်းကြီးကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ရတနာဗောဓိရွာ၌ သီတင်းသုံးနေသည့် သက်တော် ၄၀ ကျော် သံဃာတော်တစ်ပါးနှင့် သက်တော် ၃၀ ဝန်းကျင်ရှိ သံဃာတော်တစ်ပါးတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ထိခိုက် ဒဏ်ရာရရှိသော သံဃာတော် နှစ်ပါးသည် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း၊ ဇဝဲရွာအခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၆ တပ်ရင်းကလည်း ဖာနီရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင်လည်း မော်တုံးအရှေ့ရွာအခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၀၆ က မရင်းကြီးရွာထဲကို လက်နက်ကြီး ၄ လုံးခန့်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်ပြီးနောက် အမတ ၃၀၆ တပ်ရင်းရှေ့ရှိ စစ်ဆေးရေးဂိတ်က ခရီးသွားကားများကို မိနစ်အနည်းငယ်လမ်းပိတ်ထားခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ ညနေ ၆ နာရီခန့်တွင် တနင်္သာရီမြို့ပေါ်ရှိ လေသာတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အရှေ့ဘန်လောရွာထဲကို လက်တက်ကြီး ၆ လုံး ပစ်ထည့်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
Photo – အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် ရတနာဗောဓိဘုန်းကြီးကျောင်းအား တွေ့ရစဥ်