သံတောင်ကြီးမြို့နယ်၊ ယာဒိုပရယ်စောရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး
ရန်ကုန်၊ စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း Thandaung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် သံတောင်ကြီး မြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှတစ်ဆင့် တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲခဲ့သောကြောင့် အသက် ၈၀ အဖွားအို ၁ ဦးနှင့် အသက် ၃၀ အရွယ် အမျိူးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ အသက် ၈၀ အရွယ် အဖွားအို သည် ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် အသက်န္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။
သံတောင်ကြီး မြို့နယ်အတွင်း နေထိုင်သော ပြည်သူများအတွက် စိုက်ပျိုး ရိတ်သိမ်း ကာလ ဖြစ်သော်လည်း လက်ရှိချိန်တွင် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာ များကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း တိုက် ခိုက်မှုများနှင့် မြေမြုပ်မိုင်းများ ထောင်သွားသောကြောင့် ပြည်သူများ နေရပ် မပြန်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။