ကော့ကရိတ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၈ လုံးပျက်စီး
ရန်ကုန်၊ စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ မယ်တလဲ ကျေးရွာကို ဖိုးချိမူတပ်စခန်းတွင် အခြေစိုက် တပ်စွဲထားသော စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၈ ၊ ခမရ ၅၆၁ နှင့် ခလရ ၉၉၃ တပ်ရင်းများမှ စစ်သားများက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ကျောင်းဆရာမ တစ်ဦး၏ နေအိမ် အပါအဝင် နေအိမ် ၃ လုံးနှင့် ကား၊ ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် မယ်တလဲ ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး ပြည်သူပိုင် ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း နေထိုင်သော ပြည်သူများကို မိမိတို့ နေအိမ်များ၌သာ နေထိုင်သွားလာရန် ပြောဆိုခဲ့ပြီး နေအိမ်များကို စွန့်ခွာ တိမ်းရှောင်ထွက်ပြေး မည်ဆိုပါက နေအိမ်များကို ထပ်မံ မီးရှို့ ဖျက်ဆီးမည်ဟု ကျေးရွာနေ ပြည်သူများကို ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၈ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်စခန်းမှ ထီးပူလူကျေးရွာအတွင်းကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ နေအိမ် ၇ လုံး ထိမှန်ပျက်စီးပြီး နွား ၂ ကောင် ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်စခန်းမှ စက်တင်ဘာလ ၂၃ ရက်နေ့ ည ၁ဝ နာရီ ၃၀ မိနစ်တွင် ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် လိန်ပင်ဝဲကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

