35 C
Yangon

ဖယ်ခုံတွင် ရဲတပ်ကြပ် မျိုမင်းအောင်က အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင် တစ်ခုကို ဓားပြတိုက်၊ ရန်ကုန်မြို့လယ်ခေါင်နှင့် ကလောမြို့နယ်တို့တွင် ရဲများ ကိုယ်တိုင် မူးယစ်ဆေးပစ်၍ ပြည်သူတချို့ထံမှ ခြိမ်းခြောက် ငွေညှစ်

Must read

ဖယ်ခုံတွင် ရဲတပ်ကြပ် မျိုမင်းအောင်က အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင် တစ်ခုကို ဓားပြတိုက်၊ ရန်ကုန်မြို့လယ်ခေါင်နှင့် ကလောမြို့နယ်တို့တွင် ရဲများ ကိုယ်တိုင် မူးယစ်ဆေးပစ်၍ ပြည်သူတချို့ထံမှ ခြိမ်းခြောက် ငွေညှစ်

ရန်ကုန်၊ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်နှင့် ကလောမြို့နယ်၊ ရန်ကုန်တိုင်း၊ ကျောက် တံတား မြို့နယ် တို့တွင် ရဲများကိုယ်တိုင် ဓားပြတိုက်ခြင်း၊ မူးယစ်ဆေးပစ်၍ ပြည်သူတချို့ကို ခြိမ်းခြောက် ငွေညှစ်မှုများ ကျူးလွန်နေကြပြီး ပြည်သူ အများ အပြား ငွေပေးဆောင်နေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ပြည်သူများ၏ ပြောဆိုချက်နှင့် ဒေသသတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရှိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ ဖယ်ခုံ မြို့ လယ်ခေါင်၊ ဖယ်ခုံမြို့မ ရဲစခန်းနှင့် ၁ ဖာလုံပင် မဝေးသည့် မြတ်စေတနာ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်ကို ရဲတစ်ဦးက ဝင်ရောက် ဓားပြတိုက်ခဲ့ ကြောင်း၊ ဓားပြတိုက်သည့် ရဲမှာ ဖယ်ခုံမြို့မရဲစခန်းမှ ရဲတပ်ကြပ် မျိုးမင်းအောင် ဆိုသူဖြစ်ပြီး ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ၊ ရဲတပ်ကြပ် မျိုးမင်းအောင်သည် မြတ်စေတနာ အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင် သို့ စျေးလာဝယ်ခဲ့ရာ ဆိုင်ရှင်က ငွေများ ရေတွက်နေသည်နှင့် ကြုံတွေ့ပြီး နောက် လက်နက်ဟု ထင်စေသော အရာတစ်ခုကို ပုဆိုးဖြင့်အုပ်၍ သေနတ်ချိန် သကဲ့သို့ ချိန်ပြီး ငွေ ၁၀ သိန်း လုယက် ဓားပြတိုက်သွားကြောင်း၊ ရဲတပ်ကြပ် မျိုးမင်းအောင်သည် ဓားပြတိုက်ချိန်တွင် မျက်နှာဖုံး အကာအကွယ်မပါသဖြင့် ဆိုင်ရှင်က ရဲတပ်ကြပ် မျိုးမင်းအောင်ကို ကောင်းစွာ မှတ်မိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးဟု မသိရှိကြောင်း၊ ဓားပြတိုက်ခံရသူ ဆိုင်ရှင်က ရဲစခန်းသို့ တိုင်တန်းနေချိန် ရဲတပ်ကြပ် မျိုးမင်းအောင် အပြင်မှ ပြန်လာသည်နှင့် တိုက်ဆိုင် ကြုံကြိုက်ပြီး ဆိုင်ရှင်က မှတ်မိသဖြင့် အသေးစိတ် တိုင်ကြားခဲ့ ကြောင်း၊ ဓားပြတိုက်သော ရဲတပ်ကြပ် မျိုးမင်းအောင်ကို ဖယ်ခုံရဲစခန်းက ချက်ချင်း ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း PEKHON PDF -2 (B-1006) ထံမှ သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းနှင့် ၃၈ လမ်း ထိပ် တွင် ပြည်သူတချို့ကို မူးယစ်ဆေးပစ်၍ ဖမ်းဆီးခြိမ်းခြောက်‌ ငွေတောင်း နေသူများမှာ ကျောက်တံတားမြို့နယ်ရဲစခန်းမှ ရဲတပ်သား ဇော်မင်းထက်နှင့် စိုးထက်ဝင်းတို့ဖြစ်ကြောင်း၊ ရဲများ အချင်းချင်း ပူးပေါင်း၍ ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ပြည်သူတစ်ဦးက ပြောဆိုသည်။

“ညနေ ရုံးဆင်းချိန်အိမ်ပြန်ဖို့ ကျောက်တံတားမြို့နယ် ၃၈လမ်းထိပ် မှတ်တိုင် မှာ ဘတ်စ် ကားစောင့်နေခဲ့တာ အဲ့မှာ ရဲနှစ်ယောက်ကရောက်လာပြီး ကျွန်တော့်ကို ဟိုဘက်ဒီဘက်ပိတ်ပြီး “ညီလေးကိုအစ်ကိုတို့စစ်စရာရှိ တယ် သတင်း ရထားလို့” ဆိုပြီး လာပြောတယ်။ ကျွန်တော့်အိတ် ကိုတန်းယူပြီးစစ် တယ်။ ကျွန်တော့် အိတ်ထဲမှာ ဖုန်းရယ်နားကြပ်ရယ်ပိုက်ဆံအိတ်ရယ်ကလွဲရင် ကျန်တာ မပါဘူး။ အိတ်ကိုတန်းယူလုပြီး စစ်တာမှာ ဘယ်ကမှန်းမသိ ၂ လက်မ အရွယ် လောက်ရှိတဲ့ ဆေးခြောက်အထုပ်လေးထွက်လာတယ် ။ စစ်တဲ့ရဲ က ဝဝနဲ့ ကွမ်းစားတယ် မေးနားမှာမှဲ့ရှိတယ်။ နာမည်က ရဲတပ်သား ဇော်မင်းထက်။ နောက်ရဲက အိတ်စစ်နေချိန် ကျွန်တော့်ကို အာရုံလွှဲထားတဲ့ သဘောနဲ့ စကားတွေပြောတယ်။ ဘယ်ကမှန်းမသိ လုပ်ကြံထားတဲ့ အသံဖိုင်တွေဖွင့်ပြတယ်။ အသံဖိုင်ထဲမှာ သူတို့ခေါ်တဲ့ သတင်းပေးဆိုတဲ့လူရဲ့ နာမည်ကတော့ တိုက်ဂါးလေးက ။ နောက်တော့ ကျွန်တော့်ကို ရဲတစ်ဦး မောင်း တဲ့ ပရိုဘောက်ကားနဲ့တင်ပြီး ကျောက်တံတားမြို့နယ်ထဲက ရဲစခန်းဘေးက ရှေ့ ဆောင် ရုပ်ရှင်ရုံရှေ့ကို ကျွန်တော့်ကိုခေါ်သွားတယ် အဲ့ရောက်တော့ ဆင်းခိုင်းတယ်။ ရဲ နှစ်ယောက် ကဝိုင်းပြီး ညီလေးစခန်းတော့ရောက်ပြီ။ မင်း တော့ ထောင် ၅နှစ် ၊ ၆နှစ် အနည်းဆုံးပဲလို့စပြောတယ်။ ငွေ ၁၀ သိန်းတောင်း တယ်။ နောက်ဆုံး ၇ သိန်းနဲ့ ညှိပြီး ပြန်လွှတ်ပေးတယ်”ဟု ကိုယ်တိုင်ကြုံ တွေ့ရသူက ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ရေယောင်းမ အနီး စစ်ဆေးရေး ဂိတ်တွင် ရဲ ၆ ဦးက ကားများကို စစ်ဆေးကြောင်း၊ ငွေကြေး ချမ်းသာသူများ စီးသည့် နောက်ဆုံးမော်ဒယ်ကားတချို့ကို ယာဉ်မောင်းပါ ဆင်းခိုင်းပြီး K ဆို သည့် မူးယစ်ဆေးဝါး တွေ့ရှိသည်ဟုဆိုကာ ငွေကြေးခြိမ်းခြောက် ညှစ်ယူ တောင်းယူနေကြောင်း၊ ယင်းနောက် အမှု မလုပ်စေချင်ပါက ငွေကျပ် သိန်းရာချီ တောင်းယူကြကြောင်း သိရှိရသည်။

“ဩဂုတ်လ ၂၅ ရက်နေ့ ကလောကနေ ရန်ကုန်ကိုပြန်အဆင်းမှာ ရေယောင်းမ မရောက်ခင် တောင်အကွေ့တစ်ခုမှာ ခန့်မှန်းခြေ ရဲ ၆ ယောက် ၇ ယောက် လောက် ကားတွေကိုစစ်နေပါတယ်။ အရှေ့မှာ X-ray ဂိတ်ရှိနေပေမယ့်လည်း သူတို့က ကြားဖြတ်ပြီး စစ်တာပါ။ ကျနော့်ကား အံစာတုံးကားပါ။ ကားကို စစ် တော့ ယာဉ်မောင်းနဲ့ ယောကျာ်းလေးတွေအကုန်ဆင်းခိုင်းပါတယ်။ ဆင်းခိုင်း ပြီးတော့ ရဲတစ်ယောက်က ကားခေါင်းခန်းထဲဝင်စစ်ပြီးတော့ ကေ ဆိုတဲ့ မူးယစ်ဆေး ဝါးတစ်မျိုးတွေ့ဆိုပြီး ငွေညှစ်တယ်။ သိန်း ၂၀၀ တောင်းတယ်။ မပေးနိုင်ရင် ကားထားခဲ့လို့ ပြောတယ် ။ ကားနဲ့ ငွေသိန်း ၂၀၀ နဲ့လဲနိုင်ရင်လဲ လို့ပြောပါတယ်။ အဲဒီကနေ ညှိရင်းနဲ့ သိန်း ၇၀ နဲ့အဆင်ပြေပြီး တော့ သူတို့ရဲ့ ဘဏ်အကောင့်ထဲ လွှဲခိုင်းပါတယ်။ ဘဏ်အကောင့်ထဲ သိန်း ၇၀ ဝင်မှ ကားရော လူရော ပြန်လွှတ်ပေးပါတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ပြည်သူတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article