25 C
Yangon

မြန်မာနိုင်ငံမှ ဆိုးရွား ကြေကွဲဖွယ် အခြေအနေ များမှာ ပြည်တွင်းရေးမဟုတ်ဘဲ ဒေသတွင်းနိုင်ငံများကို ရိုက်ခတ်နေ၊ ကုလ နှင့် နိုင်ငံတကာက မြန်မာစစ်တပ် ကို ထိရောက်စွာ အရေးယူရန် လိုအပ်

Must read

မြန်မာနိုင်ငံမှ ဆိုးရွား ကြေကွဲဖွယ် အခြေအနေ များမှာ ပြည်တွင်းရေးမဟုတ်ဘဲ ဒေသတွင်းနိုင်ငံများကို ရိုက်ခတ်နေ၊ ကုလ နှင့် နိုင်ငံတကာက မြန်မာစစ်တပ် ကို ထိရောက်စွာ အရေးယူရန် လိုအပ်

ရန်ကုန်၊ စက်တင်ဘာ ၃၀

အကြမ်းဖက်စစ်တပ်ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် ပြောပြ၍ပင် မရနိုင်အောင် ဆိုးရွားသော ကြေကွဲဖွယ် အခြေအနေများမှာ ပြည်တွင်းရေး မဟုတ်ဘဲ ဒေသတွင်းနိုင်ငံများကို ရိုက်ခတ်နေပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ အနေဖြင့် စစ်တပ်ကို ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက် သည်။

စက်တင်ဘာလ ၂၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်သော ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေး၏ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တရားမဝင်စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ပြည်သူများအပေါ် စစ်မက်ပြုနေမှုများကြောင့် လူအများသည် ရင်နင့်ဖွယ်အခြေအနေများကို ယနေ့တိုင် နေ့စဉ်ရင်ဆိုင်နေကြရကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂညီလာခံ၏ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ တတိယကော်မတီ ၏ အစည်းအဝေးများကို စက်တင်ဘာလ ၂၈ ရက်နေ့ မှ စတင်ကျင်းပခဲ့ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်လျက်ရှိကြောင်း၊ တတိယကော်မတီတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (Social Development) နှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးသည့် အစီအစဉ် (General Discussion) များပါဝင်ကြောင်း သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူများသည် မျှော်လင့်ချက်များ ပျက်သုဉ်းနေ ကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် လူအများ ယနေ့တိုင်ဒုက္ခရောက်လျက်ရှိကြောင်း၊ အထူးသဖြင့် စစ်တပ်သည် ပြည်သူများ အပါ် စစ်မက်ပြုနေသောကြောင့် လူအများသည် ရင်နင့်ဖွယ်အခြေအနေများကို ယနေ့ တိုင် နေ့စဉ်ရင်ဆိုင်နေကြရကြောင်း၊ လူမှုရေးဘဝ သာယာဝပြောမှုသည် လုံးဝဥဿုံ ပျက်စီးနေပြီး ယခင်က ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများအားလုံးသည်လည်း ပြောင်းပြန် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ သံအမတ်ကြီးက ညီလာခံ ၏ ကော်မတီ အစည်းအဝေး မိန့်ခွန်း ထည့်သွင်းပြောဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် ပြောပြ၍ပင် မရနိုင်အောင် ဆိုးရွားသော ကြေကွဲဖွယ် အခြေအနေများကို အပြီးတိုင် ရပ်တန့်ရန် ထိရောက်ပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် တောင်းဆိုထားကြောင်း၊ မိမိအနေဖြင့် ၎င်း၏ ပြောဆိုချက်ကို အပြည့်အဝ ထောက်ခံကြောင်း၊ ဤနေရာတွင် မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဆို့နင့်ဖွယ်အခြေအနေများ အနက် အချို့ကို မီးမောင်းထိုး၍ ပြောကြားလိုကြောင်း၊ သံအမတ်ကြီးက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၁ ဒသမ ၉ သန်းကျော်သော ပြည်သူများအနေဖြင့် နေရပ်စွန့်ခွာသူများဖြစ်နေရပြီး ၁၈ သန်း ကျော်သော ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လိုအပ်လျက်ရှိကြောင်း၊ ယခုအချိန်အခါ မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်နီးပါးသည် လည်း နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိနေသည် အခြေအနေတွင် ရှိနေကြောင်း၊ မြန်မာပြည်သူများသည် အကြောက်တရားဖြင့် နေထိုင်နေရကြောင်း ၊

အခြားတစ်ဖက်တွင်လည်း စစ်တပ်က စာသင်ကျောင်းများနှင့် ဆေးရုံများ အပါအဝင် လူအများနေထိုင်သည့် နေရာများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကျဲခြင်းများ ကို ဆက်၍သာ ကျူးလွန်နေကြောင်း၊ ကလေးငယ်များသည် လိုအပ်သည့် ပညာသင်ယူမှု များကို လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အချို့ကလေးငယ်များ စာသင်နေချိန်၌ပင် ဗုံးဒဏ်ကို ရှောင်ရှားရန် ဗုံးခိုကျင်းများတွင် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ပုန်းအောင်းရှောင်ရှား စာသင်နေရသည့် အခြေအနေမျိုးရှိခဲ့ကြကြောင်း၊ ထို့ပြင် စစ်တပ်သည် အသက်ကယ် ကာကွယ်ဆေးဝါးများဖြန့်ဖြူးခြင်းကို လက်နက်သဖွယ် အသုံးပြုလျက်ရှိပြီး၊ ဒေသအများစု တွင်လည်း ကလေးသူငယ်များအတွက် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များကို ရပ်တန့်ခံထားရကြောင်း၊ မိမိတို့၏ အနာဂတ်များ ဖြစ်ကြသော ကလေးငယ်များသည် လွန်စွာစိုးရိမ်ဖွယ် အန္တရာယ်အခြေအနေတွင် ရောက်ရှိနေကြကြောင်း NUG က ထောက်ပြ ပြောဆိုသည်။

” မြန်မာနိုင်ငံအရေးကိစ္စသည် ပြည်တွင်းရေး မဟုတ်ကြောင်း၊ ရှုပ်ထွေးခက်ခဲလှသည့် အခြေအနေများသည် ဒေသတွင်းနိုင်ငံများသို့ ရိုက်ခတ်လျက်ရှိကြောင်း၊ ရိုဟင်ဂျာများကို လက်ခံထားသည့် အိမ်ရှင်နိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရားမဝင် စစ်အာဏာသိမ်းမှု၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရကြောင်း” ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။

မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းရန်မှာ စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ခြင်းတို့က သာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ မြန်မာ ပြည်သူများ၏ ဆန္ဒမှာ ရှင်းလင်းပြတ်သားကြောင်း၊ မိမိတို့အနေဖြင့် စဉ်ဆက် မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် အခြားအဖွဲ့ဝင် နိုင်ငံများနည်းတူ တက်ကြွစွာ ပါဝင်လို ကြောင်း သံအမတ်ကြီးက ထောက်ပြေ ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article