38 C
Yangon

မြန်မာနိုင်ငံတွင် တိုးတက်မှုအားလုံးကို ဖျက်ဆီးပစ်ခဲ့သည့် စစ်အာဏာသိမ်းမှု ကြောင့် LDC နိုင်ငံ အဖြစ်မှ လွတ်မြောက်ရေး ကုလသမဂ္ဂ ရည်မှန်းချက် အကောင် အထည် ဖော်နိုင်မည်မဟုတ်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

Must read

မြန်မာနိုင်ငံတွင် တိုးတက်မှုအားလုံးကို ဖျက်ဆီးပစ်ခဲ့သည့် စစ်အာဏာသိမ်းမှု ကြောင့် LDC နိုင်ငံ အဖြစ်မှ လွတ်မြောက်ရေး ကုလသမဂ္ဂ ရည်မှန်းချက် အကောင် အထည် ဖော်နိုင်မည်မဟုတ်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

ရန်ကုန်၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံတွင် တိုးတက်မှုအားလုံးကို ဖျက်ဆီးပစ်ခဲ့သည့် စစ်တပ်အာဏာ သိမ်းမှု ကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ LDC အဖြစ် မှ လွတ်မြောက်ရေး ကုလသမဂ္ဂ၏ ရည်မှန်း ဆုံးဖြတ်ချက်များ အကောင်အထည်ဖော် နိုင်မည် မဟုတ်ဟု ကုလသမဂ္ဂ၏ အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုး ထွန်းက တင်ပြပြောဆိုလိုက်သည်။

အောက်တိုဘာလ ၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သော ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယ ကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် (၂၀) အောက်ရှိ အထူး အခြေအနေရှိ နိုင်ငံအုပ်စုများ၊ ခေါင်းစဉ်ခွဲ (၁) – ပဉ္စမအကြိမ် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်များအား ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အကျပ်အတည်းများစွာသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြား အပေါ် ဖွံ့ဖြိုး တိုး တက်မှု နှောင့်နှေးစေပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝ ဘေးအန္တရာယ် များ၏ ဆိုးကျိုး သက်ရောက်မှုများသည် နိုင်ငံများစွာရင်ဆိုင်နေရသော လက်ရှိအခက်အခဲများနှင့် စိန်ခေါ်မှုများ ကိုပိုမိုဆိုးရွားစေကြောင်း၊ ဤအခြေ အနေ တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) များသည် စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေများ နှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အတားအဆီးများကို ခံစား နေကြရကြောင်း၊ Doha Program of Action (DPoA) သည် ကပ်ရောဂါ ဘေး မှ လျင်မြန်စွာဖြင့် ရေရှည် တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ပြန်လည် ထူထောင်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချ ရေးနှင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ (LDCs) တွင် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အသွင်ကူးပြောင်းမှုကို ရရှိရန်အတွက် ပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှု မူဘောင်တစ်ခု ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

Doha Program of Action (DPoA) သည်၂၀၂၂-၂၀၃၁ ဆယ်စုနှစ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs) အတွက် ခိုင်မာအားကောင်းသော ရည်မှန်းချက်များ ချမှတ် ထားကြောင်း၊ DPoA ရည်မှန်းချက်များနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs)သည် အပြန် အလှန်ချိတ်ဆက်ပြီး အားဖြည့်နေကြသောကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs) သည် ဖွံ့ဖြိုးရေးမိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့် DPoA ရည်မှန်းချက်များကို ပြည့်မီနိုင်မည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက် ပြောဆိုသည်။

၂၀၁၁-၂၀၂၀ ဆယ်စုနှစ်အတွက် ယခင် Istanbul Program of Action (IPoA) ကာလအတွင်း ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ (၁၂) နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်မှ လွတ်မြောက်နိုင်မည့် စံသတ်မှတ်ချက်များနှင့် ပြည့်မီခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရသည် IPoAs ရည်မှန်းချက်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) ကို Myanmar Sustainable Development Plan- MSDP (2018-2030) တွင် ပေါင်းစပ်ထားကာ MSDP ၏ လမ်းညွှန်ချက်အရ နာတာရှည် စီးပွားရေး ယိုယွင်း မှုများကို ပပျောက်စေရန် ပြုပြင် ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ ကြောင်း၊ ရလဒ်အနေဖြင့် မြန်မာနိုင်ငံသည် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် GDP တိုးတက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဒေသတွင်းတွင် အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရသည် COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်၌ပင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာသော လူမှုစီးပွား မူဝါဒများဖြင့် ထိန်းသိမ်းထားခဲ့ကြောင်း သံအမတ်ကြီးက ဆိုသည်။

သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ခဲ့သော တရားမဝင် စစ် တပ် အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ် မှုများသည် ယခင်ရွေးကောက်ခံအရပ်သားအစိုးရ လုပ်ဆောင်ခဲ့ သော တိုးတက်မှုအားလုံးကို ဖျက်ဆီးပစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် တရားမ၀င်စစ်အာဏာသိမ်းယူခဲ့သည်မှာ နှစ်နှစ်ခွဲကျော်ရှိပြီဖြစ်ပြီး စစ်အာဏာရှင် များ၏ ဆိုးရွားရက်စက်ကြမ်းကြုတ်မှုများအပြင် နိုင်ငံတဝှမ်း ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြည်သူများသည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးနှင့် လူမှုစီးပွားစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

တရားမ၀င် စစ်အာဏာသိမ်းယူခဲ့ခြင်း၏ အကျိုးဆက်များကြောင့် လူအများအပြားသည် အလုပ်အကိုင်များရှာဖွေရန်၊ အခြေခံဝန်ဆောင်မှုများရရှိရန်နှင့် စားဝတ်နေရေး အဓိက လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အစားအစာအလုံအလောက်ရရှိရန်ကိုပင် ရုန်းကန် နေရကြောင်း၊ စစ်အာဏာရှင်များသည် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခြင်း၊ တိုင်းပြည်စီးပွားရေး စီမံခန့်ခွဲနိုင်ခြင်း မရှိသည့်အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခြင်း မရှိသည်မှာ ရှင်းလင်းနေပါကြောင်း၊ ဤအခြေအနေတွင် မြန်မာနိုင်ငံသည် DPoA ရည်မှန်းချက်များနှင့် SDG ရည်မှန်းချက်များကို ပြည့်မီရေး ဆောင်ရွက်နိုင်မည့် အနေအထားမရှိပါကြောင်း ဦးကျော်မိုးထွန်းက ရှင်းပြသည်။

ထို့ကြောင့် ကုလသမဂ္ဂ၏ ရည်မှန်းချက်များနှင့် ပန်းတိုင်များအောင်မြင်ရန်အတွက် ပထမဦးစွာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရန်၊ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်လိုအပ်ကြောင်း၊ ယင်းနှင့် ပတ်သက်၍ မြန်မာပြည်သူပြည်သားများသည် ပြတ်သားစွာဆုံးဖြတ်ပြီးဖြစ်ကြောင်း ဦးကျော်မိုးထွန်းက တင်ပြ ဆွေးနွေးကြောင်း သိရှိရသည်။

မြန်မာပြည်သူများအား ခိုင်မာထိရောက်သော ပံ့ပိုးကူညီမှုများပေးရန် နိုင်ငံ တကာ အသိုက် အဝန်းကို ထပ်မံပန်ကြားလိုပါကြောင်း၊ ကုလသမဂ္ဂနှင့် အဖွဲ့ ဝင် နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ စကားကို ဂရုတစိုက်နား ထောင် ပြီး ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် တာဝန်ပျက်ကွက်မှုမရှိစေရန်နှင့် မြန်မာ ပြည်သူများအတွက် တစ်ဦးတစ်ယောက်မျှ ချန်လှပ်မထားဆိုသည့်မူကို လက်တွေ့ အကောင်အထည် ဖော်ရန် ဦးကျော်မိုးထွန်းက တိုက်တွန်းသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article