35 C
Yangon

ရန်ကုန်တွင် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ အလွန်ဆိုးရွားလာပြီး စက်သုံးဆီဆိုင်များတွင်လည်း ကားများ တန်းစီနေရပြန်

Must read

ရန်ကုန်တွင် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ အလွန်ဆိုးရွားလာပြီး စက်သုံးဆီဆိုင်များတွင်လည်း ကားများ တန်းစီနေရပြန်

ရန်ကုန်၊ အောက်တိုဘာ ၇

ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေမှာ အလှည့်ကျ မီးပြတ်တောက်သည့်ပုံစံမဟုတ်တော့ဘဲ အချိန်မှန် ပြတ်တောက်မှု အလွန်ဆိုးရွားနေပြီး ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းအများအပြား အတိဒုက္ခ ကြုံနေရကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ နှောင်းပိုင်းမှစတင်၍ အောက်တိုဘာလ ပထမပတ်အထိ လျှပ်စစ်မီး ရရှိမှု အလှည့်ကျပုံစံပင် မဟုတ်တော့ဘဲ ပြတ်ချင်သလို ပြတ် တောက် နေကြောင်း၊ အလှည့်ကျ မီးပေးမှုလည်း မရှိတော့ဘဲ အချိန်တိုင်း မီးပြတ်နေကြောင်း၊ ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းအများအပြားမှာလည်း မီးပေးသည့်ပုံစံ ပရမ်းပတာ ဖြစ်နေသည့်အတွက် ဒုက္ခရောက်နေရပြီး ယခင်က ညပိုင်းများတွင်ပါ မီးများ တစ်ညလုံး ပြတ်တောက်နေကြောင်း၊ တစ်နေ့လျှင် လျှပ်စစ်မီး ၁ နာရီမှ ၃ နာရီဝန်းကျင်သာ ရရှိတော့သည့်အခြေအနေ များရှိ လာကြောင်း သိရှိရသည်။

“တောင်ဒဂုံဘက်မှာ စက်မှုဇုန်တွေရော၊ လူနေရပ်ကွက်တွေရော လျှပ်စစ်မီး အခြေအနေ အရမ်းဆိုးနေတယ်။ ဒီလဆန်းပိုင်းမှာ တစ်နေ့ကို မီးလာချိန်က ၂ နာရီ မပြည့်တော့ဘူး။ မီးစက်တွေမောင်းပြီးလုပ်နေရတယ်။ ဆီဆိုင်တွေ ကလည်း အခု ပုံးနဲ့မရောင်းတော့ အရမ်းကို ဒုက္ခရောက်နေကြတယ်” ဟု တောင်ဒဂုံ မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဒေါပုံမြို့နယ်မှ ပြည်သူတစ်ဦးကလည်း မနက်၊ နေ့၊ ည မီးမရရှိ တော့ဘဲ မီးလာချိန်မှာလည်း ၁၅ မိနစ်မှ မိနစ် ၂၀ ဝန်းကျင်သာ ရှိတော့ကြောင်း၊ မီးရရှိမှု ဆိုးဝါးသည့်အတွက် အထပ်မြင့်တိုက်တာများတွင် နေထိုင်သူများမှာ လည်း ရေအခက်အခဲပါ ကြုံနေရကြောင်း ပြောဆိုသည်။

“ဒေါပုံဘက်မှာတော့ မီးတွေ အရမ်းကို ပျက်နေတာ။ အခုလဆန်းပိုင်းက စပြီး ဖြစ်တာပါ။ မနေ့ညလည်း ညနေ ၆နာရီလောက်က ပျက်ပြီး ည ၉ နာရီ လောက် ပြန်လာသင့်တာကို မလာဘူး။ ည ၉ နာရီ ခဏလေး မီးလာပြီး ည ၉ နာရီ ၅ မိနစ်မှာ ပြန်ပျက်သွားတယ်။ မီးပျက်တာ တော်တော်ဆိုးနေတယ်။ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် ဘက်ပိုဆိုးပါတယ်။ မီးသာ ပုံမှန် မလာတာ မီတာခကတော့ စာရွက်လာရင် ပုံမှန် မီတာဘေလ် ၁ သောင်းကျော် ဆောင်နေ ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထို့အတူ ရန်ကုန်မြို့လယ်ခေါင်ရှိ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ကျောက် တံ တား၊ ပန်းဘဲတန်းမြို့နယ်များတွင်လည်း မီးပျက်သည့် အချိန်ပို များ လာကြောင်း၊ ရန်ကုန်တိုင်း ဆင်ခြေဖုံးမြို့နယ်များတွင် ၂ ရက်ဆက်တိုက် မီးရရှိသည့် အချိန်များပင်ရှိလာကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ ဝယ်ယူနိုင်ရေး အတွက် ကားများ တန်းစီ စောင့်ဆိုင်းနေရကြောင်း ယမန်နေ့ ဓာတ်ဆီရရှိရေး တန်းစီခဲ့သည့် အငှားယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

“မနေ့ညပိုင်းက ဆီဆိုင်တွေမှာ 92 ၊ 95 ကုန်နေပြီဆိုပြီးတော့ ပြောတယ်။ 92 ရောင်းပေးတဲ့ ဆိုင်မှာ ကားတွေ တန်းစီနေတာပဲ ။ ကိုယ့်ရှေ့မှာ ကား စီရေ ၁၀၀ လောက်ကို ထိုင်စောင့်လိုက်ရတယ်။ မီးကပြတ်၊ ဆီဆိုင်တွေမှာ ကားတွေက တန်းစီနေကြရတယ်။ ဒီကောင်တွေ လက်ထက်ကျမှ ဒီလိုမျိုးတွေ မကြာခဏ ဆိုသလို ဖြစ်နေတာ။ ဘာမဆို အကုန်တိုး တန်းစီနေရတယ်။ စားအုန်းဆီ လည်း တန်းစီနေရတယ်” ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ဓာတ်ဆီစျေးနှုန်းများ ကျဆင်းလာသည့်အတွက် ဆီဆိုင်များက ကျစျေးဖြင့် ဆီများ အရှုံးခံမရောင်းတော့ဘဲ ဆီကုန်ပြီဟုဆိုကာ ဆီအရောင်းပိတ်ခြင်းများ ရှိလာကြောင်း ရန်ကုန်မြို့ ပြည်သူတချို့က ဆိုကြသည်။

“ဓာတ်ဆီစျေးက တစ်လီတာကို ငွေကျပ် ၂၀၀၀ အောက်ကျလာတယ်။ အဲဒီမှာ ဆီဆိုင်တွေက ရောင်းမပေးတော့ဘူး။ ကျစျေးနဲ့ဆိုတော့ သူတို့ ရှုံးလို့ထင်တယ်။ ဆိုင်တော်တော်များက ဆီကုန်ပြီဆိုပြီး လုပ်တော့ ရှိတဲ့ ဆိုင်မှာ တန်းစီနေရတာ။ အခု 92 တစ်လီတာကို ၁၉၄၅ ကျပ် ရှိတယ်” ဟု ရန်ကုန်မှ အဝေးပြေး စီးလုံးငှားယာဉ်ပြေးဆွဲရေး လုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယခုနှစ်ဆန်းပိုင်း ဓာတ်ဆီ များကို တိုးဝှေ့ တန်းစီဝယ်ယူခဲ့ကြစဉ်။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article