37 C
Yangon

အစ္စရေး တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား မအိပွင့်ငုံနှင့် တွေ့ဆုံမေးမြန်းခြင်း

Must read

“ဟားမတ်တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်နေသော အစ္စရေးနိုင်ငံတွင် မြန်မာ ၃၀၀ ကျော်ရှိနေပြီး လတ်တလော ထိခိုက်မှုမရှိဘဲ လုံခြုံစွာ ရှိနေတယ်။ ကောင်းကင်မှာ လေ ယာဉ်နဲ့ရဟတ်ယာဉ်တွေသွားတဲ့အသံတွေ ကြားနေရတယ်။ တချက်တချက် ဝုန်းဝုန်း ဆိုပြီး ပစ်ခတ်သံတွေကြားရတယ်။ အခုနေတဲ့နေရာက ဗုံးခိုကျင်းနဲ့ဝေးတော့ သွားရတာ safe မဖြစ်ဘူး ထင်လို့ ညီမကတော့ မသွားတော့ဘူး။”

အစ္စရေး တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား မအိပွင့်ငုံနှင့် တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

အစ္စရေးကို ဟားမတ်အဖွဲ့က အောက်တိုဘာ ၇ ရက်နေ့မှာ စတင်တိုက်ခိုက်မှုကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီးနောက်မှာ အစ္စရေးအစိုးရကလည်း ဟားမတ်အဖွဲ့ကို တရားဝင် စစ်ကြေညာလိုက်ပါတယ်။

တိုက်ခိုက်မှုတွေကြောင်း နှစ်ဖက်စလုံးမှာ လူ တစ်ထောင်ကျော်သေဆုံးခဲ့ရပြီး လူအများ အပြားကိုလည်း ဟားမတ်အဖွဲ့က ဓားစာခံ ဖမ်းဆီးထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာလည်း လူပေါင်း ၁ သိန်းကျော်ဟာ ဒုက္ခသည်တွေ ဖြစ်လာပါတယ်။

အစ္စရေးနိုင်ငံမှာ မြန်မာလူမျိုးအများအပြားဟာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြတာကြောင့် လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံမှာ နေထိုင်တဲ့ မအိပွင့်ငုံနဲ့ ရန်ကုန်ခေတ်သစ်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံးမေးခွန်းကတော့ ညီမလေး ရောက်နေတဲ့ မြို့ကို အရင်ဆုံးပြောပြပေးပါရှင်။ အစ္စရေးနိုင်ငံရဲ့ ဘယ်မြို့မှာ ရောက်နေတာပါလဲ။

ဖြေ။ ။ ညီမတို့အခုနေတာက Tel Aviv မြို့ထဲမှာရှင့်။ Tel Aviv အစ္စရေးနိုင်ငံရဲ့ မြို့တော် Tel Aviv မှာ နေတာပါ။

မေး။ ။ အခုလက်ရှိ နေထိုင်တဲ့ မြို့ရဲ့အခြေအနေကရော ဘယ်လိုအနေအထားမှာရှိပါသလဲ။ စစ်ဖြစ်တဲ့နေရာနဲ့ဆို ညီမလေးနေတဲ့ မြို့က ဘယ်လောက်လောက်ဝေးပါသလဲ။

ဖြေ။ ။ ဂါဇာနဲ့ဆိုရင် နည်းနည်းလေး လှမ်းပါတယ်။ အရင်တုန်းက ညီမတို့ ဂါဇာဘက်မှာ နေဖူးတယ်ပေါ့နော်။ အဲဒီဘက်မှာဆိုလို့ရှိရင်တော့ တော်တော်လေးနီးတယ်။ အခု မြို့ပေါ်မှာဆိုရင်တော့ နည်းနည်းလှမ်းတယ် ဆိုပေမယ့် ဂါဇာဘက်ကနေ လှမ်းပစ်တဲ့ဟာတွေ တယ်လစ်ဗစ်မြို့ထဲကို ရောက်တယ်။ သူတို့က တာဝေးပစ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဂျေရုစလင်ဘက်ကိုလည်း ချတယ်။ Tel Aviv ဘကိုလည်း ချတယ်ပေါ့။ ဆိုတော့ မြို့ထဲကိုလည်း မှန်တဲ့ဟာတွေ မှန်ပါတယ် အစ်မရယ်။

အဲ

မေး။ ။ ဟုတ်ကဲ့ အခုလက်ရှိ အစ္စရေးနဲ့ ဟားမတ်ကြားမှာ စပစ်ကြ ခတ်ကြတဲ့အချိန်မှာ အဲဒီအချိန်မှာ ညီမလေး ဘာလုပ်နေလဲရှင်။ ဒီအခြေအနေကို ဘယ်လို စသိပါသလဲ ။

ဖြေ။ ။ စစချင်းဖြစ်တာ ၇ ရက်နေ့ နံနက်ပိုင်း ၆ နာရီမှာ ။ အဲဒီအချိန်မှာ ညီမတို့က ဒီနိုင်ငံအနေအထားနဲ့ဆိုရင် ၆ နာရီဆို‌တော့ အကုန်လုံးက အိပ်နေကြတဲ့အနေအထားပဲ ရှိသေးတယ်။ အိပ်မက်လိုလို ဘာလိုလိုပေါ့နော်။ ဒါပေမဲ့ ၇ နာရီလောက်ကျတော့ တကယ် ပိုပြီးတော့ Alarm သံတွေလည်း ပိုပြီးတော့ မြည်လာတယ်။ အဲဒီအခါကျမှ ကိုယ်က လန့်နိုးလာတယ်ပေါ့။ အဲဒီလိုမျိုးနဲ့ စသိတာပါ။ သတင်းဘာညာ ထွေထွေထူးထူးရှာစရာမလိုဘူး။ ညီမတို့ Tel Aviv မြို့မှာတင်ပဲ တကယ့် ဗုံးသံတွေ ဆူဆူညံညံနဲ့ပဲ လန့်နိုးလာတာပေါ့။ အဲဒီလိုမျိုးနဲ့ စပြီး သိတာပါရှင့်။

မေး။ ။ ညီမလေးတို့ မြို့မှာ အဆောက်အအုံတွေ ဗုံးတွေ ကျတယ်ဆိုတော့ ဘယ်အဆောက်အအုံတွေ ဘယ်နေရာတွေမှာ ဗုံးတွေကျတယ်။ ဘယ်လိုမျိုးအပျက်အစီးတွေရှိလဲ။ ညီမလေး အဲဒီနေရာတွေကို နောက်နေ့ကျတော့ သွားကြည့်တာမျိုးတွေ ရှိသလား ။ အဲဒါမျိုးတွေလည်း ပြောပြပေးပါဦး။

ဖြေ။ ။ အောက်တိုဘာ ၇ ရက်နေ့ကတော့ လုံးဝ အပြင်မထွက်ဘူး။ ဒါပေမဲ့ ၈ ရက်နေ့လည်း မထွက်ဘူး။ ၈ ရက်နေ့ကျတော့ အကုန်လုံးက ဗုံးသံတွေဘာတွေတော့ သိပ်မကြားရဘူး။ ၇ ရက်နေ့ မနက်ပိုင်းက ဖြစ်တယ်။ နောက် ၇ ရက်နေ့ ညပိုင်းကိုလည်း အုန်း ဒိုင်းခနဲပေါ့။ ညပိုင်းမှာလည်း ထပ်ဖြစ်တယ်။ ဒါပေမဲ့ ၈ ရက်နေ့မှာ လုံးဝ အသံမကြားရဘူး။ ညီမ ဒီနေ့မနက်ခင်း အပြင်ထွက်ကြည့်တယ်။ လမ်းမှာ ဘာမှ မရှိဘူး။ ဆိုင်တွေလည်း ပိတ်ထားတယ်။ လမ်းသွားလမ်းလာတွေလည်း မရှိဘူး။ ကားတွေလည်း လုံးဝကို အနည်းအကျဉ်းကိုပဲ သွားကြလာကြတာတော့ တွေ့တယ်ရှင့်။ အဆောက်အအုံပြိုပျက်တာတော့ ညီမသွားတဲ့ လမ်းမှာ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ ညီမတို့ သူငယ်ချင်းအသိတွေကနေ ပို့လာတဲ့ ပုံတွေတော့ တွေ့ရတယ်။ ဒီ Tel Aviv မြို့မှာပဲပေါ့။ ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရတာတော့ မရှိဘူးရှင့်။ အဲဒီဘက်ကို မသွားဖြစ်ခဲ့ဘူး။

မေး။ ။ ထိခိုက်မှုအနေအထားတွေရော ကြားသိရတာမျိုး ရှိလား။

ဖြေ။ ။ ထိခိုက်မှုကတော့ ဂါဇာဘက်မှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး လာတဲ့ ကျောင်းသားတွေရှိတယ်။ ညီမတို့ဆိုလို့ရှိရင်လည်း ဒီ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ Program Join ပြီး လာခဲ့ကြတဲ့ ကျောင်းသားတွေပဲပေါ့နော်။ အဲဒီတော့ အခု ညီမတို့ မြန်မာနိုင်ငံကနေ ဒီ ၁၁ လ Program ကို နှစ်တိုင်း ခေါ်နေကျဖြစ်ပေမယ့် ဒီနောက်ပိုင်းမှာ မခေါ်သေးဘူးပေါ့။

အဲဒီအချိန်မှာ ဒီပြင့်နိုင်ငံ နီပေါတို့ ကမ္ဘောဒီးယားတို့ကတော့ နှစ်စဉ် ၁၁ လ Program နဲ့ လာနေကြတယ်။ အဲဒီထဲက ကျောင်းသားတွေက ဂါဇာအနီးတဝိုက်က ရွာတွေမှာ စိုက်ပျိုးရေး Program တဲ့ ကျောင်းတက်ရင်း ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ကြတယ်ပေါ့။ အဲဒီထဲက နီပေါ ၁၀ ယောက် အသက်ဆုံးရှုံးလိုက်ရတယ်လို့ ကြားသိရပါတယ်။

နောက်ပြီးတော့ ထိုင်းတွေကတော့ ဒီမှာ ၂ သောင်းကျော်လောက် ရှိတယ်လို့ ကြားတယ်ရှင့်။ အဲဒီထဲက ၁၂ ယောက်လောက်ပေါ့ သတင်းအတိအကျတော့ မသိဘူးပေါ့။ ၁၀ ယောက်ကျော် ဓားစာခံ လုပ်ခံလိုက်ရတယ်။ တချို့တွေ အသက်ဆုံးရှုံးလိုက်ရတယ်လို့ သတင်းတွေတော့ ကြားတယ်ရှင့်။ ဒါပေမဲ့ Tel Aviv မြို့ပေါ်မှာက တော့ သူတို့ သတင်းကြေညာချက်အရ စုစုပေါင်း ဒီနိုင်ငံရဲ့ စုစုပေါင်းအရ အယောက် ၈၀၀ ၊ ၁၀၀၀ ကျော် ထိခိုက်မှု ပျက်စီးမှုရှိတယ်လို့ ကြားတယ်ရှင့်။

မေး။ ။လက်ရှိမှာ အစ္စရေးဘက်မှာ မြန်မာ ဘယ်လောက်လောက်ရှိတယ်လို့ ညီမလေး ခန့်မှန်းခြေ သိထားလဲ ။ အဲဒီ အဝန်းအဝိုင်းဘက်မှာရော ချိတ်ဆက်မှုရှိသလား ၊ ထိခိုက်ဒဏ်ရာရရှိမှု ရှိသလား ဒါမျိုးတွေရော သိထားပါသလား။

ဖြေ။ ။ စုစုပေါင်း မြန်မာကတော့ အယောက် ၃၀၀ ကျော်ကျော်လောက် ခန့်မှန်းခြေ ရှိတယ်။ နဂို ညီမတို့ ကျောင်းလာမတက်ခင်ကတည်းက ရှိနေတဲ့ မြန်မာလူမျိုးတွေရယ်။ နောက်ပြီးတော့ ညီမတို့ ကျောင်းသားအဖွဲ့တွေရယ်။ နောက်ပြီး ဒီပြင် ဗီဇာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိပြီး အလုပ်လုပ်နေတဲ့ မြန်မာတွေရယ် စုစုပေါင်း ။ အကုန်လုံးကတော့ အချိန်အဆက်ရှိပါတယ်။

မိသားစုလိုပါပဲ။ သတင်းအချင်းချင်းဖလှယ်ကြတယ်။ နောက်ပြီး Safe ဖြစ်အောင်ပေါ့။ ဘာတွေ ဝယ်ထားကြပါ။ ဘယ်မှာပုန်းခိုကြပါ။ အဲဒီလိုမျိုး အချင်းချင်းကတော့ Connect ရှိပါတယ်။ ထိခိုက်မှုကတော့ မြန်မာတွေထဲမှာတော့ ဘာမှ မရှိသေးပါဘူး။ ဘာမှတော့လည်း မကြားပါဘူးရှင့်။ အကုန်လုံးကတော့ အခုထိတော့ လုံလုံခြုံခြုံရှိနေပါတယ်ရှင့်။

မေး။ ။ အခုလိုကြားရတာ တော်သေးတယ်။ ဝမ်းသာပါတယ်ရှင်။ ဆိုတော့ ညီမလေးတို့က မနက်အစောပိုင်းမှာ ဒီပဋိပက္ခက စဖြစ်တယ်ဆိုတော့ ညီမလေးကလည်း အလုပ်လုပ်နေတယ်လို့ ညီမထင်ပါတယ်။ အဲဒီတော့ ဒီ အလုပ်ဘက်ကရော ဘယ်လိုမျိုး ညီမလေးတို့ကို အကြောင်းကြားတာ ရှိသလဲ ။ စစချင်းဖြစ်တဲ့အချိန်မှာ ထပြေးတာမျိုး မြင်ရခဲ့လား။ ဘယ်လိုမျိုး မြင်ကွင်းတွေ တွေ့ရလဲ။

ဖြေ။ ။ ပုံမှန်ကတော့ ညီမတို့ နေ့တိုင်းအလုပ်ကတော့ သွားနေရမယ့် ရက်ပဲပေါ့။ ၇ ရက်နေ့က ဒါပေမဲ့ အဲဒီနေ ၇ ရက်နေ့မှာ အရမ်းကို အသံတွေက အရမ်းဆူညံပြီးတော့ သွားရမယ့် အခြေအနေမျိုးမဟုတ်တဲ့အခါကျတော့ ညီမ သူဌေးကို ဖုန်းဆက်လိုက်တယ်။ သူက မလာနဲ့ ဘာညာတော့ ပြောတယ်ရှင်။ ညီမတို့က အလုပ်တော့ မရောက်ခဲ့ဘူး။ တချို့ဆိုင်တွေကတော့ ဖွင့်ကြတယ်ပေါ့။ အများအားဖြင့် Delivery နဲ့ ဥပမာ Food Panda လိုမျိုး ရောင်းချတဲ့ဆိုင်တွေ ဆိုတော့ တချို့အလုပ်တွေကတော့ ဖွင့်ကြတယ်။

ဒါပေမဲ့ ညီမတို့ သူဌေး သူတို့ ဆိုင်ကတော့ ပိတ်တယ်ရှင့်။ သူတို့ ဟီဘရူးဘာသာစကားနဲ့ ပြောထားတဲ့ အသံဖိုင်တစ်ခုကို ညီမကို Forward လုပ်လာတယ်။ ဒါပေမဲ့ ညီမက ဟီဘရူးစကားနားမလည်ဘူး။ သူဌေးမကို ညီမဖုန်းဆက်လိုက်တယ်။ သူဌေးမက ထိုင်းမဆိုတော့ အင်္ဂလိပ်လိုပဲ ပြောကြတယ်။ သူကနေပြီးတော့ ညီမကို Translate လုပ်ပေးတယ်။ အခြေအနေနည်းနည်းတင်းမာလာတယ်တဲ့။ သတင်း Source ကတော့ သေချာတယ်တော့ ညီမမပြောလိုပါဘူး။ သူဌေးမပြောတဲ့ အနေအထားကိုပဲ ညီမ ပြောတာ ဖြစ်ပါတယ်။

သူက ပြောတာကတော့ ရေတွေ ဝယ်ထားကြပါ အစားအသောက်တွေ ဝယ်ထားကြပါ။ အိမ်ထဲမှာပဲ နေကြပါ။ သူကတော့ အရမ်းစိုးရိမ်အားကြီးပြီးတော့ အလုပ်လည်း မလာပါနဲ့ဦးတဲ့ တစ်လ ၊ တစ်ပတ်လည်း ဖြစ်ချင်ဖြစ်မယ်၊ တစ်လလည်း ဖြစ်ချင်ဖြစ်မယ်။ မသိသေးဘူးပေါ့။ အခြေအနေပိုပြင်းထန်လာမယ်။ လုံလုံခြုံခြုံနေကြပါ။ အစားအသောက်တွေ ဝယ်ထားကြပါ။ နောက်နေ့ကျရင် ဆိုင်တွေ ဖွင့်ချင်မှ ဖွင့်မယ်။ အဲဒါ နောက်ဆုံး နောက်ဆုံး သိထားရတဲ့ အစ်မနဲ့ ပြောနေတဲ့အချိန်မှာ ညီမဈေးသွားဝယ်နေတာပေါ့။ ဈေးသွားဝယ်တဲ့အခြေအနေမှာတော့ ညီမတို့ ရပ်ကွက်နဲ့ အနီးဆုံး ဂျူးလူမျိုးတွေ အများဆုံးရောင်းတဲ့ ဈေးမှာတော့ ပုံမှန်အနေအထားအတိုင်းရောင်းဝယ်နေကြတယ်ရှင့်။ အပြင်မှာ သွားလာနေကြတယ်။

ညီမတို့ ရပ်ကွက်တစ်လျှောက်မှာတော့ စစ်သားတွေ ရဲတွေက စောင့်ကြပ်ပေးနေတာမျိုး တွေ့ရတယ်။ ၇ ရက်နေ့ ညကပဲ ညီမတို့ ရပ်ကွက်ထဲမှာ အကြမ်းဖက်တစ်ယောက်ဖမ်းမိတယ်ဆိုတဲ့ သတင်းတက်လာတယ်ရှင့်။ တကယ်လို့ အစ်မ သတင်းရင်းမြစ်လိုတယ်ဆိုလို့ရှိရင်လည်း ညီမပို့ပေးလို့ရပါတယ်။ တတ်နိုင်သမျှတော့ ညီမတို့ ကိုယ့်ရပ်ကွက်ထဲ ဖြစ်နေပါစေဦး အပြင်မထွက်တာ အကောင်းဆုံးပဲပေါ့။ လိုအပ်လို့သာ ရေတို့ အစားအသောက်တို့ လိုအပ်လို့ ညီမတို့ သွားဝယ်ရတာရှင့်။ ဒါပေမဲ့ ညီမတို့ ရပ်ကွက်မဟုတ်ဘဲနဲ့ လမ်းမကြီးတွေဘက်မှာဆိုရင်တော့ အပြင်မှာ သိပ်ပြီး သွားလာနေကြတာမျိုး မရှိဘူး။ ဈေးတွေလည်း ဖွင့်ထားတာမျိုး မရှိဘူး။ ပုံမှန်နေ့ရက်တွေလိုမျိူး မဟုတ်ဘူးရှင့်။

မေး။ ။ အခု ဒီစစ်ပွဲက ကိုယ်နဲ့အနီးဆုံး ရောက်လာပြီဆိုတော့ စားနပ်ရိက္ခာ ဘာတွေ ကြိုဝယ်ထားတာမျိုး ရှိတော့ တကယ်လို့သာ ပဋိပက္ခက တကယ်ရင်ဆိုင်ကြုံတွေ့ရပြီဆိုရင် ညီမလေး ဘယ်လိုရင်ဆိုင်ဖို့ ပြင်ဆင်ထားတာမျိုး ရှိသလဲ။ အလုပ်ရှင်ကရော ဘာမျိုး မှာကြားထားတာမျိုး ရှိသလဲရှင့်။

ဖြေ။ ။ အလုပ်ရှင်ကတော့ လိုအပ်တာရှိရင် ပြောပါပေါ့။ သူတို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးမယ်ဆိုပြီး အဆင်သင့်ရှိပါတယ်။ အရင်တုန်းက ညီမတို့ ဂါဇာဘက်မှာ အလုပ်လုပ်ခဲ့တုန်းက ဗုံးခိုကျင်းတွေက အနီးဆုံးမှာ ရှိတယ်ပေါ့။ တကယ်လို့ ဒီ Alarm တွေ မြည်လာပြီဆိုလို့ရှိရင် ဘယ်နှ စက္ကန့်၊ စက္ကန့်ပိုင်းအတွင်း ပြေးဖို့ လွှားဖို့ လက်တကမ်းအကွာမှာ ရှိတယ်ပေါ့။ အ

ခု မြို့ပေါ်မှာဆိုရင်တော့ ကျွန်မတို့ ဒီတိုက်တွေက ၊ ညီမတို့ တစ်လမ်းကျော် နှစ်လမ်းကျော်မှာတော့ ဗုံးခိုကျင်းရှိတယ်။ အောက်ထပ်မှာ။ အခု ညီမလက်ရှိနေနေတဲ့ နေရာမှာတော့ မြေညီထပ်ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ညီမက တစ်ခုခု ဖြစ်လာရင်တောင် ကိုယ့်အိမ်မှာပဲ နေနေတာက ပိုပြီးတော့ Safe ဖြစ်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ တစ်လမ်း နှစ်လမ်းသွားရတာက ပိုပြီးတော့ Safe မဖြစ်ဘူးလို့ ညီမထင်တာပေါ့နော်။ အဲဒီတော့ ညီမတော့ မသွားတော့ဘူး ။ ကျွန်မသူငယ်ချင်းတွေကတော့ သူတို့အိမ်တွေနဲ့ နီးတဲ့အတွက်ကြောင့် အရင်ရက်တွေကတည်းက ဗုံးခိုကျင်းဘက်ကို သွားကြတယ်လို့ ညီမကြားတယ်ရှင့်။ ဟုတ်ကဲ့

မေး။ ။ ဆို‌တော့ ညီမလေးကတော့ သွားဖို့အစီအစဉ်မရှိဘူး။ ညီမလေးရဲ့ သူငယ်ချင်း ၊ မြန်မာလူမျိုးတွေပဲ ထင်တယ်နော်။ သူတွေတွေကတော့ ဗုံးခိုကျင်းတွေဆီသွားပြီး သွားနေကြပြီသူတွေတော့ ရှိပြီပေါ့။

ဖြေ။ ။ ဟုတ်ကဲ့ ညီမနဲ့ကျ နည်းနည်းလေး လှမ်းလို့ပါ။ နည်းနည်း လှမ်းတဲ့အတွက်ကြောင့် သွားရတာ ညီမအတွက် ပိုပြီးအန္တရာယ်များတယ်လို့ ညီမထင်လို့ရှင့်။

မေး။ ။ ညီမလေး လက်ရှိအနေအထားမှာရော ဒီမြို့ကြီးမှာ ရဟတ်ယာဉ်တွေ ပျံတာမျိုး။ တင့်ကားတွေ သွားနေတာမျိုး အဲဒီလိုမျိုးပုံစံတော့ မရှိသေးဘူးလားမသိဘူး။ ခုန ညီမလေးပြောတဲ့အထဲမှာတော့ ရဲတွေ တွေ့ခဲ့တယ်လို့တော့ ပြောတာဆိုတော့ အဲဒီလိုမျိုး ပုံစံတွေရော ရှိနေပြီလား ။

ဖြေ။ ။ ကောင်းကင်ပေါ်မှာတော့ သွားနေသံတွေ ကြားတယ်ရှင့်။ အဲဒီလိုမျိုး ရဟတ်ယာဉ်တွေ ဖြတ်နေသံ လေယာဉ်တွေ ဖြတ်နေတာမျိုး ကြားတယ်ရှင့်။ နောက်ပြီး တစ်ချက် တစ်ချက်ဗုံးနဲ့ ပစ်တဲ့အသံတွေ ဒုံး ပစ်တဲ့အသံတွေကြားတယ်ရှင့်။

မေး။ ။ ဘေးပတ်ဝန်းကျင်က လူတွေကရော အထုပ်အပိုးတွေနဲ့ ထွက်ပြေးတာမျိုးတွေ ဘာတို့ရော ရှိနေပြီလား။

ဖြေ။ ။ အဲဒီလိုမျိုးတော့ မတွေ့ရဘူး အစ်မ။ ဘာဖြစ်လို့လဲဆိုတော့ ညီမထင်တာကတော့ အားလုံး မြို့ပေါ်မှာ ရှိတဲ့ လူတွေက မြို့ပေါ်မှာပဲ နေကြမယ်လို့ထင်ပါတယ်။ အကုန်လုံးကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ လမ်းပေါ်မှာလည်း လူသိပ်မရှိကြဘူး။ ကားသွား ကားလာလည်း သိပ်မရှိကြဘူး။ပြောရမယ်ဆိုရင်လည် ဘယ်နေရာက အဲဒီလောက်ကြီး ပိုလုံခြုံတယ်ဆိုတာ မသိကြဘူး။

ဘယ်မှာ လာကျမယ်ဆိုတာလည်း မသိကြဘူးလေ။ ဒါပေမဲ့ ဂါဇာဘက် အနီးတစ်ဝိုက်က Farm တွေ မှာကတော့ လုံခြုံတဲ့နေရာပေါ့နော်။ အဲဒီ သူတို့ ဂါဇာစည်းရိုးနဲ့ ဝေးနိုင်သမျှ ဝေးဝေးတော့ သူတို့ သွားနေကြတယ်လို့ ညီမကြားရတယ်ရှင့်။ နောက်ပြီးတော့ ဒီ ဂါဇာနားမှာ ရှိတဲ့ တချို့ကျောင်းသားတွေ ဆိုလို့ရှိရင် သူတို့သူငယ်ချင်းတွေရဲ့ အိမ်တွေ ၊ သူတို့ သူငယ်ချင်းတွေရဲ့ Farm တွေ မြို့ပိုင်းမှာ ရှိတဲ့ သူတွေဆီလာပြီးတော့ တည်းခိုကြတယ်လို့ ညီမသိရပါတယ်ရှင့်။ မြို့ပေါ်မှာရှိတဲ့ လူတွေ တော်တော်များများကတော့ ကိုယ့်အိမ်မှာ ကိုယ်နေပြီး အလုံခြုံဆုံး ။ ညီမပြောသလို ဗုံးခိုကျင်းနဲ့ နီးတဲ့ လူတွေက ဗုံးခိုကျင်းဘက် သွားကြတယ်ရှင့်။ အိမ်ထဲမှာ နေကြတယ် အဲဒီလိုမျိုးပဲ သိကြတယ်ရှင့်။ လမ်းပေါ်မှာကတော့ ရုတ်ရုတ်သဲသဲတော့ အဲဒီလိုမျိုးတော့ မတွေ့ရပါဘူးရှင့်။

မေး။ ။ အခုလိုမျိုး မနက်အစောပိုင်းမှာ စစ်ပွဲက ကိုယ့်နားကို ရောက်လာတဲ့အခါမှာ မိသားစုနဲ့ရော ကြားထဲမှာ စကားပြောဖြစ်လား ၊ မိသားစုကရော ဘယ်လိုမျိုး မှာကြားတာရှိလဲ။ ကိုယ်ဘက်ကရော ဘယ်လိုမျိုးတွေ လုပ်ပေးတာမျိုး ရှိသလဲရှင့်။

ဖြေ။ ။ အောက်တိုဘာ ၇ ရက်နေ့ကတည်းကနေ ဒီနေ့ ဒီအချိန်အထိကို ဆရာမတွေရော ဆွေမျိုးသားချင်းတွေရော သူငယ်ချင်းတွေရော အကုန်လုံးကနေပြီးတော့ Messenger နဲ့ မေးကြတယ် ပြောကြတယ်။ စိတ်ပူပေးကြတယ်။ အဓိကကတော့ လုံခြုံတဲ့နေရာမှာ နေပါ။ ဘုရားတရား မမေ့ပါနဲ့ အဒီလိုမျိုးတွေ ပြောကြတယ်။ ညီမကလည်း အတတ်နိုင်ဆုံးစိတ်မပူပါနဲ့ အားလုံးကို ညီမကလည်း အတတ်နိုင်ဆုံး လုံခြုံအောင် နေနေပါတယ်။ ကျန်တာကတော့ ကိုယ်ဘာမှ လုပ်လို့မရတဲ့ အရာဖြစ်တဲ့အတွက်ကြောင့် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ဒီရက်ပိုင်းအလုပ်က မလာဖို့တားထားတာမျိုး ရှိလား။ ဆက်ပြီးတော့ အလုပ်ဆက်သွားရမှာလား ။

ဖြေ။ ။ ညီမခုနက အစ်မနဲ့ မပြောခင် ၂ နာရီလောက် အလိုက အဆက်အသွယ်ရတုန်းက ညီမကနေ မေးလိုက်တယ်။ သူဌေးဘက်ကနေ စဆက်သွယ်လာပေးတာပေါ့။ ဘယ်နေ့ ဘယ်ရက် အလုပ်လာလို့ရမယ်ဆိုတာ။ ညီမတို့ဘက်ကနေ စမမေးတော့ဘူး ပြောလိုက်တယ်ရှင့်။ ဘာဖြစ်လို့လဲဆို သူတို့ရဲ့ ဥပဒေတွေအရ အိမ်မှာပဲ နေပါတို့ ရှိလာမယ်ဆိုရင် တချို့ဟာတွေက ညီမတို့နဲ့ လက်လှမ်းမမီဘူးလေ။

အဲဒီတော့ သူဌေးတို့ ကိုယ်တိုင်ကိုကပဲ သူတို့ ဆုံးဖြတ်ချက်တွေ ညီမတို့ကို တစ်ဆင့် ပြန်ပြောတက ပိုပြီးတော့ သေချာမယ်ထင်တယ်။ အဲဒီတော့ ညီမကနေ ပြောလိုက်တယ်ရှင့်။ သူတို့အဆက်အသွယ်လုပ်လာတဲ့အချိန်ကျမှ ညီမတို့ဘက်က လာနိုင်မယ် မလာနိုင်မယ် အကြောင်းပြန်ပြီးတော့ ကိုယ့်ဘက်က နည်းနည်း သတ္တိရှိတယ် အခြေအနေကြည့်ပြီး သွားနိုင်တယ်ဆိုရင် ညီမတို့ သွားလိုက်မယ်ရှင့်။ အကယ်၍ နည်းနည်းကြောက်နေသေးတယ်ဆိုရင်တော့ မလာသေးဘူးပေါ့။ အဲဒီလိုမျိုးပဲ အကြောင်းပြန်မယ် စိတ်ကူးထားပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်ကတော့ ညီမထင်တယ်။ သူခေါ်ဦးမယ်လို့ မထင်ဘူးရှင့်။

မေး။ ။ စစ်ကောင်စီဘက်လည်း သံရုံးဘက်ကလည်း အစ္စရေးရောက် မြန်မာတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားလည်း ရှိတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ညီမလေး ဘာတွေများ သိရှိထားပါသလဲရှင်။

ဖြေ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနရော မြန်မာစစ်ကောင်စီသံရုံးကနေရော ဖုန်းနံပါတ်တွေ ပေးထားတယ်။ သူတို့အကူအညီလိုရင် ပြောပါပေါ့။ နောက်ပြီးတော့ ပြန်ချင်တယ်ဆိုရင် အဲဒီလိုမျိုး စာတွေ တက်လာတာ တွေ့တယ်ရှင့်။ ဒါပေမဲ့ ညီမတို့အနေနဲ့က ဒီလိုပဲ အိမ်မှာ လုံလုံခြုံခြုံဆက်ပြီးတော့ စောင့်ကြည့်နေဖို့ပဲ အခြေအနေတွေးထားမိပါတယ်။ ကျန်တာတော့ သိပ်ပြီးတော့ ရှေ့ဆက်မတွေးမိသေးဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ အခုမှ ရက်က သိပ်မကြာသေးဘူးဖြစ်တာဆို‌တော့ ရေရှည်နောက်ထပ်ဖြစ်လာမလဲ တစ်ရက်နဲ့ တစ်ရက် ဘယ်လိုကွာခြားချက်ရှိမလဲ ဘာတွေ တိုးတက်လာမလဲဆိုတာ မသိသေးတော့ စောင့်ကြည့်ပါဦးမယ်ရှင့်။

မေး။ ။ ဒါအခုက နောက်ဆုံးမေးခွန်းပါရှင့်။ အခုလိုမျိုး စစ်ပွဲဖြစ်နေတဲ့ နေရာမှာ ရောက်ရှိနေတဲ့ မြန်မာတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး အခု ညီမလေး ပြောထားတာတွေတော့ များပါတယ်။ ရင်ဆိုင်နေရတဲ့ အခြေအနေတွေလည်း အများကြီးရှိတော့ ရှေ့ဆက်ပြီးတော့ စစ်ပွဲကာလမှာ ဒီနေရာမှာပဲ ဗုံးခိုကျင်းလည်း မသွားတော့ဘဲနဲ့ နည်းနည်းလှမ်းတာလည်းပါတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်တဲ့ အခြေအနေနဲ့ ညီမလေးရဲ့ စိတ်နေ ခံစားချက်ပေါ့နော်။ ပြောပြပေးပါဦးရှင်။

ဖြေ။ ။ ညီမတို့ကတော့ ဘာလုပ်နိုင်တာရှိလဲဆိုရင် ဆုတောင်းနေရုံပဲပေါ့။ နောက်ပြီး မပြောကောင်း မဆိုကောင်း ကိုယ်နဲ့ အနီးဆုံးနေရာမှာ ဗုံးစ မှန်လာခဲ့မယ်၊ ကျလာခဲ့တာ ရှိရင်လည်း ကိုယ်လိုအပ်တာ ပစ္စည်းယူပြီးတော့ နည်းနည်း စစ်ဖြစ်မယ့်နေရာကို ပြေးဖို့ပဲ ရှိတော့တာပေါ့။ ကျန်တာကတော့ ကိုယ်လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး ။ နောက်ပြီး ကိုယ်နဲ့ ပတ်သက်တဲ့ ဘာသာတရားနဲ့ ပတ်သက်ပြီး ဆုတောင်းရမယ်။

နောက်ပြီးရင် အားလုံး ဒီ အစ္စရေးနိုင်ငံမှာရှိတဲ့ မြန်မာတွေ အကုန်လုံးကိုလည်း ကိုယ့်မှာ လိုအပ်တဲ့ ပစ္စည်းလေးတွေ အရန်သင့် လိုအပ်လို့ရှိရင် ပြေးရအောင် အထုပ်အပိုးလေးတွေ ပတ်စပို့တို့ ၊ နောက်လိုအပ်တဲ့ ဆေးဝါး အစားအသောက် ရေဘူး ဒါမျိုးလေးတွေ အဆင်သင့်လုပ်ထားဖို့ပဲ ညီမမှာချင်ပါတယ်။ ညီမတို့ ကိုယ်တိုင်လည်း ဒီလိုလေးပဲ စောင့်နေပါတယ်။

နောက်ပြီး ဒီထက်ပိုပြီး မဆိုးဝါးလာဖို့ပဲလည်းပဲ ဆုတောင်းပါတယ်။ ညီမတို့ အကုန်လုံးက အလုပ်လုပ်နေကြတာ ဖြစ်တဲ့အတွက်ကြောင့် တစ်ရက်နဲ့တစ်ရက် တစ်နာရီနဲ့တစ်နာရီဆို ဒါ ပိုက်ဆံတွေပဲလေ။ ညီမတို့လည်း ဒီလိုမျိုး မဖြစ်ချင်ဘူးပေါ့လေ။ ဒီနိုင်ငံသားတွေ အကုန်လုံးလည်း စီးပွားရေးထိခိုက်တယ်လေ။ ဒီလိုမျိုး အိမ်ထဲမှာပဲ နေရတယ်။ဆိုင်တွေ ပိတ်ထားရတယ်။ ရုံးတွေ ဘာတွေ အကုန်လုံးပိတ်ထားရတဲ့အတွက် အကုန်လုံးကိုလည်း ပုံမှန်အတိုင်းပဲ ဖြစ်စေချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article