26 C
Yangon

မင်းအောင်လှိုင် ကိုင်တွယ် ဖြေရှင်းနေရသည့် တပ်တွင်း ယုံကြည်မှု ကျဆင်းခြင်းနှင့် အကွဲအပြဲ အက်ကြောင်းများ

Must read

မင်းအောင်လှိုင် ကိုင်တွယ် ဖြေရှင်းနေရသည့် တပ်တွင်း ယုံကြည်မှု ကျဆင်းခြင်းနှင့် အကွဲအပြဲ အက်ကြောင်းများ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ စစ်အာဏာသိမ်းပြီး ၃ နှစ်ပြည့်လာချိန်မှာ စစ်တပ်အတွင်း ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု ကျဆင်းခြင်းနဲ့ အကွဲအပြဲ အက်ကြောင်း ပြဿနာကို အဓိက ကိုင်တွယ်နေရတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရန်ကုန်ခေတ်သစ်အနေနဲ့ အဲဒီလို စစ်တပ်အတွင်း အကွဲအပြဲ အက်ကြောင်းနဲ့ သက်ဆိုင်တဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းလျှို့ဝှက် ရာထူးခန့်အပ်မှု သုံးသပ်ချက် စာတမ်းနဲ့ နောက်ကြောင်း စစ်ဆေးမှု စာရွက်စာတမ်းတချို့ကို ကြည့်ရှုခွင့်ရရှိခဲ့ပြီး သက်ဆိုင်သူတွေရဲ့ လုံခြုံရေးအရတော့ ထုတ်ပြန်ခွင့်မရရှိခဲ့ပါဘူး။

စစ်တပ်အတွင်း အဓိက ကြုံနေရတဲ့ တပ်တွင်း အကွဲအပြဲတွေကို ကြည့်မယ်ဆိုရင် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေအကြား ကွဲလွဲမှုနဲ့ အောက်ခြေ အရာရှိ စစ်သားတွေအကြား အက်ကြောင်း ကွဲပြဲနေမှု ရယ်လို့ နှစ်မျိုးနှစ်စား ရှိနေပါတယ်။

စစ်တပ်ရဲ့ အောက်ခြေမှာလည်း ထိန်းမနိုင် သိမ်းမရ

===========================================

စစ်ကောင်စီတပ်တွေအတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်စပိုင်းလောက်စပြီး စစ်တပ်အတွင်း ရာထူးအာဏာ အလွဲသုံးစားလုပ်မှု၊ အာဏာရှိသူ တပ်နယ်မှူးတွေ၊ တပ်ရင်းမှူးတွေရဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် ရာဇဝတ်မှု တွေ ကျူးလွန်မှုတွေအတွက် တိုင်စာတွေ အများအပြား တက်လာခဲ့ပါတယ်။ ဒါ့အပြင် တပ်ပြေးမှုတွေနဲ့ပတ်သက်လို့လည်း အစီရင်ခံစာတွေ မနည်းမနော တက်လာခဲ့ပါတယ်။

စစ်တပ်အတွင်းမှာ တပ်ပြေးမှုတွေ မရှိဖို့၊ အချင်းချင်းစည်းလုံးညီညွတ်ဖို့ တပ်တွင်း ထမင်း၀ိုင်းတွေ၊ အထက်-အောက် ဆက်ဆံရေး အဆင်ပြေစေမယ့် လှုပ်ရှားမှုတွေ လုပ်ဆောင်နေပေမယ့်လည်း ဒါတွေက အထောက်အကူမပြုပါဘူး။ သက်ဆိုင်ရာ စစ်ရုံးတွေက စစ်ဆေးမှုတွေ လုပ်ဆောင်မှုတွေလုပ်ဆောင်ဖို့ အထက်အဆင့်ဆင့်ကို တင်ပေမယ့် နောက်ဆုံး စည်းလုံးမှု မပြိုကွဲစေရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အကြမ်းဖက် မင်းအောင်လှိုင်က တိုင်စာတွေကို အရေးယူမှု မလုပ်ဖို့ ပယ်ချခဲ့တာတွေ ရှိနေပါတယ်။

အထူးသဖြင့်တော စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုးစဉ်မှာ အိမ်တွေ ဖျက်ဆီး မီးရှို့၊ ပစ္စည်းတွေ လုယက်၊ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် မုဒိမ်းကျင့် သတ်ဖြတ်မှုတွေ ကျူးလွန်ပါတယ်။ ဒါပေမယ့် အဲဒီလို ကျူးလွန်ခံရသူတွေထဲမှာ စစ်တပ် အရာရှိအကြီးပိုင်း မိသားစုဝင်တွေ၊ ဆွေမျိုးတွေပါ ကြုံတွေ့ရတာဖြစ်ပြီး အဲဒီလိုဖြစ်စဉ်တွေအတွက် အရေးယူပေးဖို့ အဆင့်ဆင့် တိုင်ကြားစာတွေ ပေးပို့ကြပါတယ်။ ဒါပေမယ့် စစ်တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုအတွင်း ကျူးလွန်တဲ့ ပြစ်မှုတွေကို အရေးယူဖို့ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်ပိုင်းက လုံး၀ သဘောမတူပါဘူး။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ ရှိတဲ့ စစ်တပ်အရာရှိတွေ၊ အရာရှိကြီးအဟောင်းတွေရဲ့ မိသားစု ဆွေမျိုးတွေကို လက်ရှိ စစ်တပ်စစ်ကြောင်းတွေက အနိုင်ကျင့် လုယက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်ရာမှာ အငြိမ်းစား ဗိုလ်ချုပ်တချို့ရဲ့ မိသားစု ဆွေမျိုးတွေ၊ လက်ရှိ ဗိုလ်မှူးချုပ်အဆင့် မိသားစု ဆွေမျိုးတွေတောင် ပါဝင်နေပါတယ်။ တပ်တွင်းမှာပဲ တိုင်စာတွေ ပို့ပေမယ့် မင်းအောင်လှိုင်က ဘာတစ်ခုမှ အရေးမယူပါဘူး။

ဥပမာအားဖြင့်- စစ်တက္ကသိုလ်မှ ဒုတိယဗိုလ်မှူးကြီး ဌေးခိုင် တပ်ကို စွန့်ခွာသွားခြင်းဟာ သူ့မိဘတွေ ဆားလင်းကြီးမှာ အနိုင်ကျင့် ဗိုလ်ကျခံရလို့ဖြစ်ပါတယ်။ ထိပ်ပိုင်းက ဘာတစ်ခုမှ အရေးယူမပေးခဲ့ပါဘူး။

တပ်ရင်းတပ်ဖွဲ့၊ တိုင်းစစ်ဌာနချုပ်အတွင်းမှာ တွင်ကျယ်လာတဲ့ လာဘ်ပေးလာဘ်ယူမှု

=====================================================================

တပ်ရင်းတပ်ဖွဲ့တွေ၊ တပ်မတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေအတွင်းမှာ ရာထူးအရှိန်အဝါအလိုက် ဆက်ကြေးကောက်စားကြတဲ့ လက်နက်ပြ ပြည်သူကို အနိုင်ကျင့် ငွေကြေး ခြိမ်းခြောက်တောင်းယူကြတဲ့ စစ်ဘုရင်တွေ အမြောက်အမြား ထွက်ပေါ်လာပါတယ်။

တပ်ရင်းတပ်ဖွဲ့တွေရဲ့ ချထားပေးတဲ့ ဘတ်ဂျက်ငွေကစလို့ ပြင်ပစီးပွားရေးနယ်ပယ်တွေထဲမှာ စစ်တပ် အရာရှိတွေက ငွေရှာကြတာပါ။ အဲဒီလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ တပ်မမှူး ဗိုလ်မှူးချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ် အထိ အဆင့်ဆင့် ငွေရှာကြတာကြောင့် အကျင့်ပျက်ခြစားမှုနဲ့ ပြည်သူအပေါ် အနိုင်ကျင့် ဗိုလ်ကျမှုတွေနဲ့ပတ်သက်တဲ့ တိုင်စာတွေ အမြောက်အမြားကို စစ်ရုံးက ပုံစံမျိုးနဲ့ ရရှိပါတယ်။

ဒါပေမယ့် နိုင်ငံရေး၊ PDF နဲ့ မပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူ၊ အကျင့်ပျက်ခြစားမှုတွေ မှန်သမျှကို အကြမ်းဖက် မင်းအောင်လှိုင်က တပ်တွင်း စည်းလုံးညီညွတ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အရေးမယူပါဘူး။ အရေးပေါ်ကာလ ဖြစ်လို့ တပ်မတော် မပြိုကွဲရေးကို ဦးတည် လုပ်ဆောင်ရမယ်ဆိုတာမျိုး သဘောထားမှတ်ချက်တွေနဲ့ အရေးယူခံရမှု အတော်ကို နည်းပါတယ်။

စစ်တပ်အတွင်း လူမှုရေး အရှုပ်အရှင်းများ

====================================

စစ်တပ်ထဲမှာ အများဆုံး မြင့်တက်လာတာကတော့ လူမှုရေး ဖောက်ပြန်မှု အရှုပ်အရှင်း ပြဿနာတွေပါပဲ။ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်တွေကို ရှေ့တန်းနဲ့ မြို့ပြ လုံခြုံရေးတွေမှာ ၂၄ နာရီ အချိန်ပြည့် သုံးနေရတာမို့ နောက်တန်းကို တပ်တွေ ပြန်မလွှတ်နိုင်ပါဘူး။ ၃ နှစ်ကာလအတွင်း ဝင်လာချိန်မှာ တပ်ရင်း၊ တပ်ဖွဲ့တွေမှာ လူမှုရေး ဖောက်ပြန်မှုတွေ၊ စစ်သားမိန်းမကို တပ်ရင်းမှူးက အိမ်ခေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပါ ဖြစ်ပျက်လာပါတယ်။

တပ်ရင်း ၊ တပ်ဖွဲ့ လာစစ်တဲ့ တပ်မမှူး၊ တပ်နယ်မှူးတွေကို ကျဆုံးသွားတဲ့ စစ်သားမိန်းမတချို့ကို ဝတ်စား ဆင်ယင် စေလွှတ်ပြီး လိင်ဖျော်ဖြေခိုင်းတာမျိုးတွေ အထိပါ လုပ်လာပါတယ်။ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တဲ့ ၃ နှစ်နီးပါး ကာလအတွင်းမှာ စစ်တပ်က လူမှုရေး အဖောက်ပြန်ဆုံး အခြေအနေ ရောက်ရှိခဲ့ပါတယ်။ စားဝတ်နေရေးအတွက် လခ မလုံလောက်မှုတွေကလည်း စစ်သားမိန်းမတွေနဲ့ သမီးတချို့တွေကို အဲဒီလို လူမှုရေး ဖောက်ပြန်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ဖြစ်စဉ်မျိုးတွေလည်းရှိပါတယ်။ လူမှုရေး ဖောက်ပြန်မှုတွေမှာ တပ်နယ်မှူး၊ တပ်မမှူးတွေကစလို့ အောက်ခြေ တပ်အရာရှိငယ်တွေအထိပါ ခြေရှုပ်ကြတာလည်းဖြစ်ပါတယ်။ တိုင်စာများစွာ ရှိသလို နီးစပ်ရာ တိုင်ကြားကြတာတွေ ရှိပေမယ့်လည်း လူမှုရေး ဖောက်ပြန်မှုကိုတော့ စစ်တပ်အတွင်းမှာ ပြစ်မှု လို့ တောင် မသတ်မှတ်တော့ဘဲ လျစ်လျူရှုလိုက်တာတွေ အလွန်များပြားလာနေပါတယ်။

ရန်ကုန်ခေတ်သစ်အနေနဲ့ စစ်တပ်အတွင်း လူမှုရေး ဖောက်ပြန်မှုနဲ့ပတ်သက်တဲ့ တိုင်စာတွေ အများအပြား ရရှိပေမယ့်လည်း ပေးပို့သူ ဖရဲသီးတွေရဲ့ လုံခြုံရေးအရ ပြန်လည် မဖော်ပြတော့ပါဘူး။

အောက်ခြေနဲ့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေအကြားမှာ တပ်စည်းကမ်းတွေ လိုက်နာစရာမလိုဘဲ သူတစ်လူ ငါတစ်မင်း နိုင်ငံရေး၊ PDF မပတ်သက်ရင် ပြီးရော ကျန်တာအားလုံး ခွင့်ပြုတယ်ဆိုတဲ့ အခြေအနေတွေကြောင့် ဘာမှ အာဏာ ဩဇာမရှိတဲ့ အောက်ခြေ စစ်သားတွေက အနိုင်ကျင့်ခံရပြီး တပ်ပြေးတာတွေ ထွက်ပြေးတာတွေ များပြားလာတာလည်းဖြစ်ပါတယ်။

ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေအကြား အကွဲအပြဲ

====================================

စစ်တပ်ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေကြားမှာ သိသာ ထင်ရှားတဲ့ အကွဲအပြဲ ရယ်လို့ အုပ်စုဖွဲ့ ကွဲတာမျိုးတော့ ထင်ထင်ရှားရှား ပြသဖို့ ခက်ပေမယ့် မင်းအောင်လှိုင်ရဲ့ လုပ်ပုံကိုင်ပုံကို ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီး တချို့က သဘောမကျတာတွေရှိနေပါတယ်။

မင်းအောင်လှိုင်နဲ့ စိုးဝင်းအကြားမှာ အကွဲအပြဲ ဖြစ်နေတာလားလို့မေးရင်တော့ အဲဒီလို ဖြေဖို့လည်းခက်ပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်သူ့ကိုမှ မယုံကြည်တဲ့အတွက် သူယုံကြည်သူကို အနားခေါ်ထားတာ၊ ရာထူးတိုးပေးတာ၊ အရာရာ မင်းအောင်လှိုင်ကိုယ်တိုင်သော်လည်း သူယုံကြည်ရသူ မပါဘဲ ဆုံးဖြတ်ခွင့်မရှိဆိုတဲ့ စည်းကမ်းချက်တွေ ချမှတ်ထားပါတယ်။

စစ်တပ်ထိပ်ပိုင်းအတွင်းမှာ စုပေါင်း ခေါင်းဆောင်မှု နဲ့ ဆုံးဖြတ်သွားနေတယ်ဆိုတဲ့ ပုံစံမျိုး မင်းအောင်လှိုင်က ဖော်ဆောင်ထားပေမယ့် တကယ်တော့ သူမသိဘဲ ဘာကိုမှ ဆုံးဖြတ်ခွင့်မပေးပါဘူး။ စစ်တပ်အတွင်း ကိစ္စ အသေးဆုံးကစလို့ သာမန်တပ်ရင်းတပ်ဖွဲ့ ယာယီ တပ်ရင်းမှူး ခန့်အပ်တာအထိပါ မင်းအောင်လှိုင်က သူနဲ့ သူ့ရုံးအဖွဲ့ကို ဖြတ်သန်း စိစစ်ခိုင်းပါတယ်။

ဒုတိယစစ်ခေါင်းဆောင်လို့ စိုးဝင်းကို အမည်တပ်ထားပေမယ့်သူ့မှာ ဘာအာဏာမှ မရှိသလိုဖြစ်နေပါတယ်။ အသက်အရွယ်အားဖြင့် မင်းအောင်လှိုင် အာဏာမသိမ်းဘဲ အနားယူခဲ့ရင် စိုးဝင်းက အလိုလို တပ်ချုပ်ရာထူးရမှာဖြစ်ပေမယ့် မင်းအောင်လှိုင်က အာဏာသိမ်းပြီး တပ်ချုပ်ရာထူးကို သက်တမ်းလွန်တဲ့အထိ ဆက်လက် ရယူထားတာမို့ စိုးဝင်းအနေနဲ့ တပ်ချုပ်ဖြစ်လာဖို့လည်း မရှိသလောက် ဖြစ်သွားပါတယ်။ ဒါကို စိုးဝင်းလည်း သိရှိပြီး အထူးသဖြင့်တော့ စိုးဝင်းရဲ့ အသိုင်းအဝိုင်းက လက်မခံချင်ကြပါဘူး။

“ဗိုလ်ချုပ်မှူးကြီး စောမောင်ကို သန်းရွှေ ဖယ်ရှားခဲ့တဲ့ ဖြစ်စဉ်”ကို ဥပမာပေးပြီး တပ်အတွင်း စိုးဝင်းကို နားသွင်းတဲ့ သူတချို့ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မင်းအောင်လှိုင်က ဒါကို အလွန်ကြောက်လန့်ပါတယ်။ စစ်ကောင်စီအတွင်းရာထူးပေးတာ၊ အရပ်ဘက်၊ စစ်ဘက် ရာထူးပေးတာတွေမှာ မင်းအောင်လှိုင်ကပဲ အဓိက ဆုံးဖြတ်ပြီး စိုးဝင်းကတော့ အိမ်ဖြည့်သဘောမျိုးပဲ ပါဝင်ရပါတယ်။ ဆုံးဖြတ်ခွင့်ကို မင်းအောင်လှိုင်က ကိုင်ထားပါတယ်။

နောက်တက် စစ်ဗိုလ်ချုပ်တွေကို ရာထူးပေးမယ်ဆိုရင် နောက်ကြောင်းရာဇဝင် စိစစ်ပေးဖို့ ၊ အကြိမ်ကြိမ် စိစစ်ဖို့ မင်းအောင်လှိုင်နဲ့ သူ့ဘက်တော်သား ဗိုလ်ချုပ်တွေက ဆောင်ရွက်ပါတယ်။ ရာထူးတိုးမယ်ဆိုပြီး သတင်းထွက်ပြီး ရာထူးမတိုးဘဲ တက်လမ်းပျောက်နေတဲ့ ဗိုလ်မှူးချုပ် ဗိုလ်ချုပ်တချို့ရှိနေပြီး အဲဒီ ရာထူးမတိုးတဲ့ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်တွေက စိုးဝင်းနဲ့ တစ်နည်းတစ်ဖုံ ဆက်နွယ်နေတာကိုလည်း တွေ့ရပါတယ်။

မင်းအောင်လှိုင်က စိုးဝင်းနဲ့ပတ်သက်တယ်လို့ သူထင်တဲ့ သံသယရှိတဲ့သူတွေ ရာထူးတိုးမပေးတာလည်း မြင်သာထင်သာရှိပါတယ်။ အရပ်ဘက်နဲ့ စစ်ဘက် ရာထူးနေရာတွေမှာ သွေးသစ်မလောင်းဘဲ တပ်မတော်အရန်အင်အား စာရင်း ဝင်နေပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး စတဲ့သူတွေကို မင်းအောင်လှိုင် သုံးနေတာကလည်း စိုးဝင်းလူဖြစ်လေမလားဆိုတဲ့ မယုံကြည်မှု ကြောင့်ပဲ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် စတဲ့ ထိပ်တန်းဗိုလ်ချုပ်တွေ အရေးယူ အနားပေးလိုက်တဲ့ ဖြစ်စဉ်က ဒေါ်လာနဲ့ စီးပွားရေး ကိစ္စ ဆိုတာထက်စာရင် ဩဇာကြီးမားလာတာ၊ မင်းအောင်လှိုင်အနေနဲ့ မယုံကြည်တော့တာကြောင့် အဓိကဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဗိုလ်ချုပ်တွေ စီးပွားရေးအရလည်း အဆက်အသွယ်များ ပြည့်စုံလာ၊ ဩဇာအာဏာ ကြီးလာတာမျိုးဆိုရင် မင်းအောင်လှိုင်က ကြောက်လန့်တဲ့သဘောမျိုးလို့ စစ်တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

မင်းအောင်လှိုင်အနေနဲ့ စီးပွားရေးအရ ပြည့်စုံပြီး ဩဇာအာဏာကြီးတာမျိုးကို သူနဲ့ သူ့မိသားစုအတွက်ပဲ ဖြစ်ရမယ်လို့ ပိုင်းဖြတ်ထားပုံရှိတယ်လို့ စစ်တပ်အသိုင်းအ၀ိုင်းက ဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ အပေါင်းအပါတွေ စီးပွားရေး သောင်းကျန်းနေတာတွေနဲ့ပတ်သက်ပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းဆီ အသိပေး သတင်းရောက်ရှိနေတာတွေလည်း ရှိနေပါတယ်။

အခုနောက်ဆုံး မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့ အိမ်တော် လုံခြုံရေး အထူးတပ်ဖွဲ့ကို ထပ်မံတိုးချဲ့ပြီး သူ့စိတ်ကြိုက် သူ့ လူယုံ ငယ်မွေးခြံပေါက်အရာရှိတွေကို နေရာပေး ထားတာကလည်း မင်းအောင်လှိုင်အနေနဲ့ ဘယ်သူ့ကိုမှ မယုံကြည်ဘူးဆိုတာကို သက်သေပြနေတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

(စစ်တပ်အတွင်း အကွဲအပြဲများ ဆက်လက် ရေးသားဖော်ပြပါဦးမည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article