25 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာ အလုပ်သမား ၁၇ ဦး ဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာ အလုပ်သမား ၁၇ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ကို တရားမဝင်နယ်စပ်ဖြ​တ်​ကျော် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၁၇ ဦး အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ ကန်ချနဘူရီခရိုင်၊ စံခရဘူရီဒေသ ဝင်ပေါက်အနီးရှိ လမ်းဆုံကို ဖြတ်လာသည့် အဖြူရောင် ပစ်ကပ်ကား ၁ စီးကို ထိုင်းအာဏာပိုင်းက စစ်ဆေး တားဆီးချိန်တွင် မောင်းပြေးသွားခဲ့ကြောင်း၊ ထို့နောက် ထိုင်းအာဏာပိုင်များက ကားနောက်ကိုလိုက်၍ ဖမ်းဆီးစဥ် ယာဥ်မောင်းဖြစ်သူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ရပ်နားထားသည့် ကား ၁ စီးပေါ်၌ အပြည့်လိုက်ပါလာသော မြန်မာ အလုပ်သမား အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို တွေ့ရှိ​ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများသည် ပွဲစားမှ တဆင့် ထိုင်းနိုင်ငံအတွင်းကို အလုပ်လုပ်ရန် အတွက်ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိတွင် ဥပဒေအရ အရေးယူနိုင်ရန် ရဲစခန်း၌ စစ်ဆေး မေးမြန်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထွက်ပြေးသွားသည့် ယာဥ်မောင်းသည် မည်သူမည်ဝါဖြစ်သည်ကို ကနဦး သိရှိထားပြီး ဖမ်းဆီးနိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ တရားမဝင်လမ်းဖြင့် နယ်စပ် ဖြတ်ကျော် ဝင်ရောက်ခြင်းများသည် တစ်နိုင်ငံလုံးရှိ နယ်စပ်ဒေသ အများစုတွင်ရှိပြီး ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၏ လမ်းတစ်ခုတည်းမှ ဝင်ရောက်နေသည့် ရွေ့ပြောင်း လုပ်သားကား (ခေါ်) ဘော်လုံးကား အရေအတွက်သည် တစ်ရက်ကို အနည်းဆုံး ၆ စီးခန့်မှ အများဆုံး အစီး ၂၀ ခန့်အထိရှိကြောင်း သိရသည်။

အဆိုပါ ကားများသည် ၁ စီးကို လူ ၃၀ ခန့်အထိတင်ဆောင်လေ့ရှိကြောင်း၊ အောက်တိုဘာလ ၁ ရက်နေ့ကလည်း ရနောင်းခရိုင်၊ ကရဘူရီဒေသကို တရားမဝင် ဝင်ရောက်လာတဲ့ကားနှစ်စီးပေါ်က မြန်မာနိုင်ငံသား အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်းသိရှိရသည်။

ထိုင်းနိုင်ငံကို တရားမဝင်လမ်းမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းကြောင့် ဖမ်းဆီးခံရသူများ လစဥ် အရေအတွက် အများအပြားရှိနေပြီး ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်တာကြောင့် ဖမ်းဆီးခံရသူအရေအတွက် ၂၀၀ ဝန်းကျင်လောက်အထိရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article