ကချင်ပြည်နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်းကြီးတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၅
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ အမှတ် ၁၀၃ ခြေမြန်တပ်ရင်း၊ တောင်တွင်းကြီးတပ်မှ တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်အောင် သေဆုံးခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့် KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်း ကြီး တပ်မှ အသက် ၄၁ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး သက်အောင်အောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဂျာတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှု အလွန်များပြားသဖြင့် လေကြောင်းဖြင့် လာရောက် တိုက်ခိုက် ဗုံးကျဲခဲ့ကြောင်း KIA သတင်းရင်း မြစ်နှင့် စစ်တပ်သတင်းရင်းမြစ်တို့က ဆိုသည်။
“ခမရ ၁၀၃ တပ်ရင်းမှူး ကျဆုံးတာတော့ အတည်ပြုလို့ရပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။
KIA သတင်းရင်းမြစ်ကမူ အောင်ဂျာကျေးရွာအနီးတွင် တိုက်ပွဲများ ရက်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသဖြင့် တောက်လျှောက်ဆိုသလို အင်အားတိုး ထိုးစစ်ဆင်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ စစ်တပ်က လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုသည်။
“အောင်ဂျာတိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ။ အရာရှိတွေလည်း သေဆုံးတဲ့အထဲပါနိုင်တယ်။ စစ်သားတွေလည်း သေဆုံးတာမှာ အလောင်းတောင် လာမကောက်နိုင်ကြဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
သေဆုံးသွားသော ခမရ ၁၀၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင်သည် သေဆုံးချိန်တွင် ဇနီးနှင့် သမီး ၁ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။