ပုလဲမြို့နယ်၊ မုံသွင်ရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
ရန်ကုန်၊ အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ ရိုးမရာဇာတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာ၊ ကြာစီကျေးရွာတို့၌ ညအိပ်တပ်စွဲပြီး အရှေ့ဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက် စစ်ကြောင်းကို မုံသွင်ကျေးရွာနှင့် ထန်းတောကုန်းကျေးရွာ အကြား ချောင်းကူး တံတား အရောက်၌ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲ အကြမ်းဆုံးဖြစ်ခဲ့တာဗျ၊ စစ်ကြောင်းတက်လာလို့ အသင့်နေရာ ယူပြီး စောင့်နေတာ၊ အင်အား ၂၀၀ ကျော်လောက်တက်လာတာ မြင်နေရတယ်၊ မီတာ ၅၀ အကွာရောက်မှ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ သူတို့ဘက်က လက်နက်ကြီးတွေ သယ်လာတာများတယ်၊ လေယာဉ်ပစ်ကူ လာတာတော့မရှိဘူး၊ သူတို့ဘက်က အင်အားများလို့ထင်တယ်၊ ဖရဲသီးသတင်းပေးချက်အရတော့ ၂၀ ကျော်သေတယ်လို့ သိရတယ်၊ ထိခိုက်တာတွေလည်းများတယ်လို့ သိရတယ်၊ အဲဒီစစ်ကြောင်းကိုတိုက် ဖို့လိုက်နေတာက အခုက ၅ ရက်နေ့ကလည်းကပဲ၊ ယာဉ်တန်းကလည်း ပုလဲမှာပဲရှိသေးတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ ရိုးမရာဇာတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ ရိုးမရာဇာတပ်ခွဲ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ တပ်ခွဲ ၁ ကဿပဝိဇ္ဇာ ပြည်သူ့ကာကွယ်ရေးတပ် ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၇ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ဘာမရှောင် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ခွဲ ၄ နှင့် မီတ္ထိလာခရိုင်တပ်ရင်း ၃ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရိုးမရာဇာတပ်ရင်း တပ်ခွဲ ၁ ကဿပဝိဇ္ဇာမှ ရဲဘော်တစ်ဦး မြင့်မြတ် စွာ အသက်ပေးလှူခဲ့ရကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်