29 C
Yangon

ရေဦးတွင် နေအိမ်များကို မီးရှို့ ဖျက်ဆီးနေသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ ကလေးမြို့တွင် ကင်းလှည့်နေသော စစ်ကားကို မိုင်းဆွဲတိုက်ခိုက်

Must read

ရေဦးတွင် နေအိမ်များကို မီးရှို့ ဖျက်ဆီးနေသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ ကလေးမြို့တွင် ကင်းလှည့်နေသော စစ်ကားကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မစိုးရိမ်ကျေးရွာရှိ နေအိမ်များကို မီးရှို့နေသော စစ်သားများကို ၄၀ မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force- FRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းက ရေဦးမြို့မှ အင်အား ၁၀၀ ကျော်ဖြင့် ထွက်လာသော ခမရ ၇၀၁ ၊ ၇၀၈ မှ စစ်သားများနှင့် ပျူစောထီး များပါဝင်သော ပူးပေါင်းစစ်ကြောင်းသည် ရေဦးမြို့နယ်၊ မစိုးရိမ်ကျေးရွာ ၌ ညအိပ်စခန်းချ ရပ်နားပြီး နေအိမ်များကို မီးရှို့နေစဥ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ၄၀ မမ လက်နက်ကြီးဖြင့် ၇ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ အထိုင်ချရာနေရာ အနီး တဝိုက်ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“စစ်ကြောင်းက ဒီနေ့ပဲ ဒီပဲယင်းမြို့ကိုဝင်ရောက်သွားပါပြီ၊ မစိုးရိမ်ကျေးရွာမှာပဲ ညအိပ်ပြီး ဒီနေ့မှ ဆက်လက်ထွက်ခွာပြီး ဒီပဲယင်းမြို့ထဲ ဝင်သွားတာပါတယ်” ဟု Freedom Revolution Force- FRF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force- FRF အထူးလှုပ်ရှားအဖွဲ့၊ FRF ကြယ်ရောင်တပ်ခွဲ နှင့် ရွှေဘိုခရိုင်အမှတ် ၂၄ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တာဟန်းရပ်ကွက် တောင်သာတံတားတွင် အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်က ကင်းလှည့်နေသည့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့​ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“အင်္ဂါနေ့ ညနေ ၅ ခွဲ ၆ ဝန်းကျင်အချိန်က သေတော့ မသေလောက်ဘူး ထိခိုက်ကတော့ ရှိမှာ သေချာ တယ်။ ခရိုင်မြို့ပြစစ်ဆင်ရေးကက လုပ်တာ။ ကားဘီးတွေပါ ကျွတ်ပြီး ထိုးရပ်သွားတယ်” ဟု တော်လှန် ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားဘီးကျွတ်ကာ ကားပျက်စီးသွားပြီး အကြမ်းဖက် စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှုရှိသော်လည်း သေဆုံးမှု ရှိ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article