34 C
Yangon

ကချင် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီ ဝန်ခံ၊ အောင်ဂျာစခန်းသိမ်း တိုက် ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦး ထက်မနည်း သေဆုံး

Must read

ကချင် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီ ဝန်ခံ၊ အောင်ဂျာစခန်းသိမ်း တိုက် ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦး ထက်မနည်း သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို ယခုရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက် သိမ်းပိုက်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်၍ ဝန်ခံထားသည်။

အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲခန့် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ နမ့်ကွတ်စခန်း ကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာလ ၂၀ ရက်နေ့ KIA ဌာနချုပ် လိုင်ဇာအနီးရှိ လဲလုံစခန်း(အောင်ဂျာစခန်း) ကို ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ၈၁ ကြိမ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အောင်ဂျာစခန်း (လဲလုံစခန်း) ကို KIA က သိမ်းပိုက်သွားကြောင်း ၊ စခန်းများ ပြန်လည် သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာ ဝန်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသော စစ်ရေးသတင်းများ ဖော်ပြလေ့မရှိဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စခန်း ၂ ခု သိမ်းဆည်းခံရမှု သတင်းကို ဖော်ပြခြင်းမှာ ထူးခြားပြီး KIA နယ်မြေတွင် ၎င်းတို့ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် အရပ်သား ပြည်သူများ သေဆုံးမှု များအတွက် ၎င်းတို့တွင် အပြစ်မရှိဘဲ KIA က တပ်စခန်းများကို တိုက်ခိုက်၍ ဖြစ်ပေါ်သည့်ပုံစံမျိုး ဖုံးကွယ်ရန် အတွက် ကြိုးစားဟု ယူဆနိုင်ကြောင်း နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က သုံးသပ် ပြောဆိုသည်။

“ကချင်နဲ့ ရှမ်းမြောက်မှာ ဒီလို မျိုး စစ်တပ်က စခန်းတွေ အသိမ်းခံရတယ်ဆိုတဲ့ သတင်းမျိုးကို ထုတ်ပြန်ဖော်ပြလာတာကတော့ စစ်တပ်အတွက်တော့ အမင်္ဂလာသတင်းကို ဖော်ပြတာမျိုးဖြစ်လို့ ရှားတောင့်ရှားခဲပဲ။ ကချင်ဘက်မှာ သူတို့ ဗုံးကျဲလို့ အရပ်သားပြည်သူတွေ သေဆုံးမှုတွေအတွက် သူတို့ အလွန်မဟုတ်ဘူး၊ KIA က တပ်စခန်းတွေကို တိုက်နေလို့ ဆိုတာမျိုး ပုံဖော်ချင်ပုံရတယ်” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာ စစ်တပ်စခန်းကို KIA တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း၊ တပ်စခန်း သိမ်းပိုက်ခံရသည့်အတွက် စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ အောင်ဂျာစခန်းတိုက်ခိုက်ခံရမှုတွင် စစ်သည် ၂၀ ဦးထက်မနည်း ပျောက်ဆုံးသည်ဟု မြေပြင် သတင်းပေးပို့ချက်များရရှိထားသဖြင့် စစ်သား ၂၀ ဦး အနည်းဆုံး သေဆုံးသည်ဟု ဆိုနိုင်ကြောင်း ပြောဆိုသည်။

ဓာတ်ပုံ- အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် သေဆုံးသည့် အကြမ်းဖက်စစ်သား ၁ ဦး၊ လက်နက်များနှင့် ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများ။

(အောင်ဂျာစခန်းသိမ်း တိုက်ပွဲတွင် အကြမ်းဖက် စစ်သားတချို့ သေဆုံးနေသည့် ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/141479 တွင် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article