37 C
Yangon

စဥ့်ကူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ပြည်သူပိုင် နေအိမ် ၅၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

စဥ့်ကူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ပြည်သူပိုင် နေအိမ် ၅၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၁

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ ပြည်သူပိုင် နေအိမ် ၅၅ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း Watlet Information network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်း ၁၀ နာရီ ၄၅ မိနစ်ခန့်မှစ၍ စဥ့်ကူးမြို့နယ်အတွင်း သင်္ဘောများဖြင့် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်က သဲအင်းရွာရှိ ပြည်သူပိုင် အိမ် ၄၂ လုံးခန့်၊ ကြက်တူရွေးရွာရှိ ပြည်သူပိုင် အိမ် ၉ လုံးခန့်၊ မြစ်ကမ်းကြီးရွာ ပြည်သူပိုင် အိမ် ၂ လုံးခန့်၊ ဟင်္သာမရွာရှိ ပြည်သူပိုင် အိမ် ၆ လုံးခန့်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် မန္တလေးဆိပ်ကမ်းမှ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြည်သူပိုင် ဖလက်သံခွန် ၁စီး ၊ ‌ပြည်သူပိုင် မော်တော် ၁စီးကို ချောဆွဲ၍ Speed boat ၁ စီးနှင့် အထက်ကို ဆန်တက်လာပြီး မတ္တရာမြို့နယ် ဥဒိန်ရွာ သင်္ချိုင်းကုန်း အနောက် မြစ်ကြောင်းထဲတွင် ကျောက်ချ တပ်စွဲခဲ့ကြောင်း၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် စစ်သားများ လိုက်ပါလာသော သင်္ဘော အုပ်စုသည် အထက်ကို ဆက်လက် ဆန်တက်လာပြီး စဥ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာမှ အကြမ်းဖက်စစ်သားများပါသည့် သင်္ဘော ၁ စီးသည် အောက်ဘက်သို့ စုန်လာပြီး ကြက်တူရွေးရွာ အနီးတွင် သံခွန်ပေါ်မှ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အောက်ဘက်မှ ဆန်တက်သည့် အကြမ်းဖက် စစ်တပ်၏ သံခွန် ၁စီး ၊ မော်တော် အကြီး ၁စီးနှင့် Speed Boat ၁ စီးတို့သည် ကြက်တူရွေးရွာအနောက်မြစ်ကြောင်းတွင် ရပ်တန့်၍ သင်္ဘော၊ မော်တော်များပေါ်မှ စစ်သားများက လှေအသေးဖြင့် ကြက်တူရွေးရွာကို ကူးသွားပြီး ကြက်တူရွေးရွာနှင့် သဲအင်းရွာဘက်ကို အင်အား အများအပြား ဖြန့်ကျက်ထားပြီးနောက် ကျေးရွာ ၄ ရွာမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ရမ်းသမ်းပစ်တာက လူအထိအခိုက်တော့ မရှိဘူး။ သူတို့အချိန်ကြာကြာပစ်ခဲ့တယ် လူအထိအခိုက်မရှိဘူးလို့ ကြားသိရတယ်ဗျ။ ရွာတွေကို မီးရှို့တာက ၁၉ ရက်နေ့ နံနက်ခင်းပိုင်း ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ စရှို့တာ”ဟု Watlet Information network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article