36 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၂၅

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပေါက်မြို့နယ်၊ ဝက်ပုပ်ကျေးရွာကို စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ကျန်ရှိခဲ့သည့် လေဖြတ်လူနာအဖိုးအို ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် မန်ကျည်းခုံရွာ အတွင်း ပြန်လည် ဝင်ရောက်လာသည့် မန်ကျည်းခုံရွာသား အသက် ၅၀ အရွယ် ကိုသန်းထွန်း၊ ဝန်တင်ရွာသား အသက် ၄၀ အရွယ် ကိုကျောက်ရွှေ နှင့် ဝန်တင်ရွာသား ၁ ဦးတို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” ဝက်ပုပ်ရွာက အဖိုးအို အလောင်းကတော့ သဂြိုလ် လိုက်ပြီးလို့ သိရတယ်။ မန်ကျည်းခုံရွာသားနဲ့ ဝန်တင်ရွာသား ၃ ဦးလုံးရဲ့ အလောင်းကတော့ အခုထိ ပြန်မရသေးဘူး။ စစ်ကြောင်းတွေ ရှိနေသေးလို့ သူတို့ ၃ ဦးက ရွာထဲဝင်ပြီး နွားတွေကို ပြန်လွှတ်ဖို့ အသွား ရေခါး အနောက်ဘက် ကုန်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ခွေးတွေနဲ့ ထိပ်တိုက်သွားတွေ့ပြီး အသတ်ခံလိုက်ရတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်း အောက်တိုဘာလ ၁၇ ရက်နေ့ကစတင်ကာ မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းများခွဲ၍ ကျေးရွာများကို ဝင်ရောက် စီးနင်းမှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေသောကြောင့် ကျွန်းဒိုင်း၊ ဂွေးဂုံစသိန်း၊ ဂဲပင်အင်း၊ ဓာတ်တော်၊ ဝန်တင်၊ ဇောင်းရှားပင်၊ မင်းကိုင်း၊ ကျောညှာ၊ ရေခါးရွာ နှင့် သရက္ကန်ရွာ အစရှိသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ညအချိန် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးနေရသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article