33 C
Yangon

၁၀၂၇ စစ်ဆင်ရေး၏ လေးရက်မြောက်နေ့တွင် ဖောင်းဆိုင်မြို့ နှင့် စစ်ကောင်စီ တပ်စခန်း ၆၇ ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံး

Must read

၁၀၂၇ စစ်ဆင်ရေး၏ လေးရက်မြောက်နေ့တွင် ဖောင်းဆိုင်မြို့ နှင့် စစ်ကောင်စီ တပ်စခန်း ၆၇ ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံး

■ စစ်သုံ့ပန်း ၃၇ ဦးကို ဖမ်းဆီး ရရှိပြီး သံချပ်ကာ ကား ၁ စီးကို ထပ်မံ ဖျက်ဆီး နိုင်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး၏ လေးရက်မြောက်နေ့တွင် ဖောင်းဆိုင်မြို့ နှင့် စစ်ကောင်စီတပ်စခန်း ၆၇ ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးကာ စစ်သုံ့ပန်း ၃၇ ဦးကို ဖမ်းဆီး ရရှိကြောင်း၊ သံချပ်ကာ ကား ၁ စီးကို ထပ်မံ ဖျက်ဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန် မူဆယ်မြို့နယ်အတွင်းရှိ ဖောင်းဆိုင်မြို့ကို အောင်မြင်စွာ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း ညီနောင် မဟာမိတ်သုံးဖွဲ့(MNDAA + TNLA + AA)က ကြေညာချက် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ် ညီနောင် ၃ ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်စခန်း ၂၁ ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ရာ စုစုပေါင်း သိမ်း ပိုက် ထားသော စစ်တပ်စခန်း ၇၈ ခုအထိရှိလာ‌ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၁၈ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၃၇ ဦးကို ဖမ်းဆီး ရရှိခဲ့ကြောင်း တော်လှန် ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၉ ရက်နေ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA) ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင့်တပ်တော်(AA)တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ က ကိုးကန့် ဒေသရှိ ရာခုတ်ကိုင်စခန်း ၊ ရန်သက်ရှမ်း (ရန်တော်စံ) စခန်း စသည့် စစ်ကောင်စီ၏ ၁၀ နှစ်ကျော်ကြာ တပ်တည်ထားသော စခန်းကြီးကို တစ်ခု ချင်းစီ တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။

ထို့ပြင် မုံးကိုး နှင့် မူပန်(သိန္နီ) ဘက်တွင်လည်း တိုက်ပွဲများ အောင်မြင်ခဲ့ပြီး စစ်ကောင်စီတပ်သား နှင့် ကိုးကန့်ပြည်သူ့စစ်တပ်အဖွဲ့မှ စစ်သုံ့ပန်း ၃၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ နန်ကျွမ်း ပြည်သူ့စစ်အဖွဲ့ကိုလည်း ပြန်လည် စည်းရုံး ခဲ့ကာ လူအင်အား ၃၀ ကျော်မှ MNDAA ၏ ပြန်လည် ဖွဲ့စည်းမှု ကိုလက် ခံခဲ့ကြောင်း သိရှိခဲ့သည်။

ကိုးကန့်တိုက်ပွဲ

=========

MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များက ရန်သက်ရှမ်း (ရန်တော်စံ) တပ်စခန်းကို နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ၎င်းတပ်စခန်းကြီးကို သိမ်းယူခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့်ပြည် သူ့စစ် အဖွဲ့များ အပါဝင် စစ်ကောင်စီတပ်ဖွဲ့ ဝင် တပ်သား ၁၇ ဦး သေဆုံးပြီး ၃၂ ဦးကို ဖမ်းဆီးရမိကာ စစ်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

MNDAA ၏ အဆက်မပြတ် ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် စစ်ကောင် စီ တပ်သားများက အရပ်ဝတ်စုံများ ဝတ်ဆင်ပြီး ထွက်ပြေးသွားကြောင်း၊ တချို့စစ်သုံ့ပန်းများ ထွက်ပြေးနေစဥ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ညနေ ၄ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်က MNDAA သိမ်းယူ လိုက် သောတပ်စခန်းကို တိုက်လေယာဥ်ဖြင့် တစ်ကြိမ်လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

MNDAA က စစ်ကောင်စီ တပ်ဖွဲ့၏ စကခ ၁၆ လက်အောက်ခံ တပ်ရင်း ၅၆၇ အခြေချနေထိုင်သော ရာခုတ်ကိုင် တပ်စခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ၂ နာရီ ကျော် ကြာတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီ၏ ၁၀ နှစ်ကျော်အခြေချ နေထိုင်လာသော တပ်စခန်းကို အောင်မြင်စွာ တိုက်ခိုက် သိမ်း ယူနိုင်ခဲ့ကြောင်းသိရသည်။

ယင်း တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရရှိပြီး ၆၀ မမ ကျည် ၃၁ လုံး ၊ လက်ပစ်ဗုံး ၁၄၂ လုံး ၊ အီနာဂါဗုံး ၃ လုံး ၊ RPG-၇ ကျည် ၁၈ လုံး ၊ ကျည် ဘောက် ၅ ခု ၊ စက်လက်ကျည် ၁၅၀၀ တောင့် ၊ 5.56ကျည် ၂၂၀၀ ကျော် ၊ နှင်းမိုင်း ၂ ခု ၊ စစ်မြေပုံ ၁ ချပ်နှင့် ဘက်ထရီ ၁ လုံး စသည့် စစ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး မွန်းလွဲ ၃ နာရီ ၂၇ မိနစ်တွင် MNDAA က ရန်သက်ရှမ်း (ရန်တော်စံ) တပ်စခန်းကို စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ ကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မုံးကိုးတိုက်ပွဲ

===========

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၄၄ မိနစ်မှ စတင်ပြီး MNDAA နှင့် ‌ဒေသလုံခြုံရေးအဖွဲ့တို့ ပူးပေါင်းပြီး မုံးကိုးဒေသ မန်းယန် ၊ ကွမ်ထန် ၊ ပိုက်ဖိန်‌ပေါက်ပေါက်တောင်ကုန်း ၊ ဖောင်းဆိုင် ၊ ကွမ်းလွန် စသည့်နေရာများရှိ စစ်ကောင်စီ တပ်ဖွဲ့၏ တပ်စခန်းကို တစ်ခုချင်းစီ အမြစ်ပြတ် တိုက်ခိုက် သိမ်းယူ ခဲ့ကြောင်း၊ ညနေ ၆ နာရီ ၂၆ မိနစ်တွင် စုစုပေါင်း တပ်စခန်း ၁၂ ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း၊ ဖောင်းဆိုင်တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီး တပ်ဆင် ထားသော သံချပ်ကာကား ၁ စီးကို ထပ်မံ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၆ နာရီ ၄၀ မိနစ်နှင့် မွန်းလွဲ ၁ နာရီခန့်တွင် MNDAA သည် မိုင်းကျက်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒေသ လုံခြုံရေးအဖွဲ့တို့၏ ပူးပေါင်း စစ်ဆင်ရေးဖြင့် နန်ကျွမ်းဒေသရှိ “ချိန်ရှောက် လူ” ပြည်သူ့စစ်ကို စည်းရုံးနိုင်ခဲ့ကာ လူအင်အား ၃၀ ကျော်ဖြင့် ပြန်လည် ဖွဲ့ စည်းခဲ့ကြောင်း သိရှိရသည်။

မူပန်(သိန္နီ)တိုက်ပွဲ

===========

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်တွင် MNDAA သည် လားရှိုး အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ “ကွမ်ယုံယာယီ” တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီ ၄၀ မိနစ်တွင် အောင်မြင်စွာ သိမ်းယူ နိုင်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်သုံ့ပန်း ၄ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ၆၀ မမ ကျည် ၈၄ လုံး၊ လက်ပစ်ဗုံး ၈၈ လုံး ၊ စနက်တံ ၁၉ ချောင်း ၊ 5.56 ကျည်ဘောက် ၁ ခု ၊ ရိုင်ဖယ် ၁၀ လက် ၊ MG3 စက်လက် ၂ လက် ၊ MG3 သေနတ်ပြောင်း ၁ ချောင်း ၊ စိန်‌ပြောင်း ၁ လက်၊ စကားပြောစက် ၁၈ ခု ၊ စက်လက်ကျည် ၁၂၀၇ တောင့်၊ ကျည်တွဲ ၇ တွဲ ၊ ဆက်သွယ်‌ရေးစက် ၁ စက် ၊ ရိုင်ဖယ်ကျည်ဘောက် ၃၈ ခုတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် MNDAA က စစ်ကောင်စီ၏ မူပန်ရဲစခန်း ၊မူပန်တံတား ၊ နမ့်ဘွမ် တပ်စခန်း ၊ နမ့်ဘွမ်ရဲစခန်းနှင့် မာချီနှောစခန်း စသည့် စခန်း ၅ ခုကို ထိုးစစ် ဆင် တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ နမ့်ဘွမ် စခန်းသိမ်းပွဲတွင် စစ်ကောင်စီ ဘက်မှ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် လက်ပစ်ဗုံး ၅ လုံး ၊ ၄၀ မမကျည် ၂၈ လုံး ၊ ရှေ့ထွက်မိုင်း ၃ ခု ၊ စကားပြောစက် ၂ ခု ၊ 5.56 ကျည် ၁၃၂ တောင့် စသည့် စစ်ရေးပစ္စည်းများကိုသိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article