38 C
Yangon

ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

Must read

ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ် အခြေစိုက်ရာ နေရာ အများအပြားကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့က စတင်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် ခလရ-၃၂ တပ်ရင်း ဗဟိုကင်း ၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ခလရ-၂၈၃ တပ်ရင်း ဗဟိုကင်း ၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးဗျူဟာ တို့ကို ဒရုန်းဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့ မြို့တွင်း တိုက်ပွဲများအတွင်း ခလရ-၃၂ ၊ ကြာအင်းဆိပ်ကြီးမြို့ရဲစခန်း၊ ဇမိခန်းမ ၊ အားကစားရုံ အပါအဝင် စစ်ကောင်စီတပ်စွဲထားရာ နေရာအနှံ့အပြားကို Cloud Wings ဒရုန်းတပ်ဖွဲ့က ၁၀၇ မမ ၊ ၈၁ မမ ၊ ၆၀ မမ ဗုံးသီးများစွာ အသုံးပြုပြီး ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲရာ နေရာ အများအပြား ပြိုကျပျက်ဆီးခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကာ ၆ ဦးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ Lion Battalion စစ်ကြောင်းမှူး အပါအဝင် PDF ရဲဘော်တချို့ ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်တချို့လည်း ရှိကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်၊ လက်နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် မြို့ပေါ်လူနေရပ်ကွက်အတွင်း ကျရောက်ကာ ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ပြည်သူများ၏ နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- KNLA ၏ ဦးစီး ဦးဆောင်ပြီး Lion Battalion စစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ ဂဠုန်စစ်ကြောင်း၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Federal Wings၊ SDDF အစရှိတဲ့ ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article