30 C
Yangon

လောက်ကိုင်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး တရုတ်နိုင်ငံသားများ ပြန်လာရန် တရုတ်ဘက်က ပြန်လည်ခေါ်ယူ၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး နေရပ်ပြန်မရဘဲ ပိတ်မိနေ

Must read

လောက်ကိုင်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး တရုတ်နိုင်ငံသားများ ပြန်လာရန် တရုတ်ဘက်က ပြန်လည်ခေါ်ယူ၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး နေရပ်ပြန်မရဘဲ ပိတ်မိနေ

■ စစ်တပ်က ရွှေ့ပြောင်းအလုပ်သမားများကို လူသားဒိုင်းအဖြစ် အသုံးပြုမည်ကို စိုးရိမ်ရ

ရန်ကုန်၊ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင်တွင် မိုဘိုင်းလ်ဖုန်းလိုင်းများကို စစ်တပ်က ဖြတ်တောက်ထားပြီး တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံဘက်သို့ ပြန်လာကြရန် တရုတ်အာဏာပိုင်များက ပြန်လည်ခေါ်ယူနေကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် လောက်ကိုင်မြို့တွင် စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းကြခြင်း၊ဟိုတယ်လုပ်ငန်းများ ရပ်နားခြင်း၊ လောက်ကိုင်တွင် စစ်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်၍ ရွှေ့ပြောင်း ကြခြင်းများကြောင့် လောက်ကိုင်တစ်မြို့လုံး တည်ငြိမ်မှုမရှိဘဲ ဖြစ်နေခဲ့ကြောင်း၊ နိုဝင်ဘာလဆန်းပိုင်းတွင်မူ တရုတ်အာဏာပိုင်များက လောက်ကိုင်အခြေအနေ ရှုပ်ထွေးလာခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းနေပြီဖြစ်သည့် အသက်အန္တရာယ်ဘေးကင်းစေ ရေး တရုတ်နိုင်ငံဘက်သို့ ပြန်လာကြရန် အသိပေး ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိလောက်ကိုင်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီက ကြိုတင်၍ စစ်ပြင်ဆင်နေကြောင်း၊ လောက်ကိုင်ဒကစက စစ်ကူ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ စစ်တပ် တပ်ရင်း အဝင်အ၀နှင့် ပတ်ပတ်လည်တွင် မိုင်းမား ထောင်ခြင်း၊ အဆောက်အဦးအမြင့်များတွင် ကြိုတင်၍ နေရာယူထားခြင်း စသည့် စစ်ပြင်ဆင်မှုများ လုပ်ဆောင်ကြောင်း၊ ထို့ပြင် တပ်၊ ပြည်သူ့စစ်နှင့်ပတ်သက်သော ဟိုတယ်များ၊ စီးပွားရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများကို စစ်တပ် တပ်ရင်းတပ်ဖွဲ့များတွင် ခေါ်ယူထားကြောင်း သိရှိရသည်။

“ပြည်သူ့စစ်တွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့ ဟိုတယ်တွေလည်း ပိတ်ထားတော့ အလုပ်သမားတွေကို တပ်ထဲမှာ ခေါ်ထားတယ်။ မနေချင်ဘူးဆိုတာလည်းမရဘူး။ အတင်းအကျပ် ခေါ်ထားပြီး တရုတ်ဘက်လည်း ကူးခွင့်မပေးဘူး။ စျေးတွေကလည်း ကြီး၊ လူတွေကလည်း ဘယ်နေ့ တိုက်ပွဲဖြစ်မလဲဆိုတာ ထိုင်စောင့်နေရသလိုဖြစ်တော့ လောက်ကိုင်မြို့က အရမ်းကို အခြေအနေဆိုးတယ်” ဟု လောက်ကိုင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း မိုဘိုင်းလ်ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း၊ မူလက Mytel မိုဘိုင်းလ်ဖုန်းလိုင်း ရရှိသော်လည်း နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ လိုင်းများ ပြတ်တောက်သွားကြောင်း၊ တရုတ်ဘက်မှ ပေးနေသည့် အင်တာနက် Wifi လိုင်း ရရှိနေဆဲဖြစ်ကြောင်း၊ စျေးနှုန်းများကြီးမြင့်လာသည့်အတွက် အလုပ်မရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စားစတ်နေရေး ကျပ်တည်းလာနေကြောင်း သိရှိရသည်။

“လောက်ကိုင်မှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက စစ်ပွဲကြောင့် အလုပ်မလုပ်ရတော့ဘူး။ စားဝတ်နေရေး ခက်ခဲနေကြပါတယ် အခန်းငှားတဲ့သူတေကလည်း အခန်းခတောင်းနေကြပါတယ်။ အလုပ်မရတာကြောင့် ဝင်ငွေမရှိလို့ မပေးနိုင်ကြပါဘူး။ တချို့သူတွေဆို ငတ်ကုန်ကြတယ်။ မြို့ထဲမှာ ဆန်ဝယ်မရတော့ဘူး ။ မနေ့က ကားနဲ့ လာရောင်းတာ ကြိတ်ကြိတ်တိုး ဝယ်ကြတော့ ခဏလေးပဲ ပြတ်လပ်သွားတယ်။ လူတိုင်း မရလိုက်ဘူး။ ဆိုင်တွေလည်း အကုန်ပိတ်ကုန်ပြီ” ဟု ရွှေ့ပြောင်း လုပ်သားတစ်ဦးက ဆိုသည်။

လက်ရှိတွင် ငွေကြေးတတ်နိုင်သူများမှာ တရုတ်ယွမ်ငွေ သိန်းချီ ပေး၍ တရုတ်နိုင်ငံဘက်သို့ စိတ်ချရသော နယ်စပ်ဝင်ပေါက်များမှ အပြီးရွှေ့ပြောင်းမှုများရှိကြောင်း၊ မြန်မာစစ်တပ်ကလည်း တရုတ်ယွမ်ငွေ သိန်းချီ လာဘ်ငွေ ရယူ၍ ငွေကြေးချမ်းသာသူများကို ရဟတ်ယာဉ်ဖြင့် မန္တလေး၊ တောင်ကြီး အစရှိသည့် နေရာများသို့ ပို့ဆောင်ပေးမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ လောက်ကိုင်မြို့ထဲတွင် စေတနာရှင်တချို့က ဆန်အိတ်များကို မူရင်းစျေးအတိုင်းရောင်းချပေးနေမှုကို တိုးဝှေ့ ဝယ်ယူနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article