29 C
Yangon

တနင်္သာရီမြို့နယ်တွင် ဆန်တင်လာသည့် ကားများကို စစ်တပ်က ဖမ်းဆီးပြီး ဆန်အိတ်များကို သိမ်းယူ

Must read

တနင်္သာရီမြို့နယ်တွင် ဆန်တင်လာသည့် ကားများကို စစ်တပ်က ဖမ်းဆီးပြီး ဆန်အိတ်များကို သိမ်းယူ

ရန်ကုန်၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ဆန်တင် လာသည့် ကားများကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ဆန်အိတ်များကို သိမ်းယူသွားကြောင်း ဒေသပြည်သူများနှင့် နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတားရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်မှ စစ်သားများက မြိတ်မြို့မှလာသည့် ဆန်အိတ်များတင်ဆောင်လာသည့် ခရီးသည်တင် မှန်လုံကားငယ် ၁ စီးနှင့် အိမ်စီးကား ၁ စီးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသည့် ကားများသည် မြိတ်မြို့မှ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ သဘော့လိပ်ရွာကို ပြေးဆွဲနေသည့် ကားများဖြစ်ပြီး ကားတစ်စီးတွင် ဆန်အိတ် ၂၀ ဝန်းကျင်ပါလာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ကားသမားတွေက အဖမ်းခံရမယ်ဆိုတာ သိနေလည်းပဲ ဒေသတွင်းမှာ တကယ်လည်း အခက်အခဲဖြစ်နေတာသူတို့မျက်မြင်ပဲဆိုတော့ သူတို့လည်းနိုင်တဲ့ဘက်ကကူညီရင်း အဖမ်းခံရတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဆန်တင်လာသည့် ကားများ၏ ယာဥ်မောင်းများကို ဗောဓိကမ်းတံတားရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်မှ တနင်္သာရီမြို့ပေါ်ရှိ စရဖရုံးကို ဖမ်းခေါ်သွားခဲ့ပြီး နေ့ချင်း ပြန်လွှတ်ပေးသော်လည်း ဆန်အိတ်များ သိမ်းခံလိုက်ရကြောင်း တနင်္သာရီမြို့နယ်ယာဥ်မောင်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် စက်တင်ဘာလမှစ၍ တနင်္သာရီမြို့နယ်အတွင်း ဆန်သယ်ယူသည့် ကားများကို ဖမ်းဆီးခြင်း၊ ငွေတောင်းခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များကို ရိက္ခာထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပြောဆိုစစ်ဆေးနေသည့်အတွက် ဒေသတွင်း ဆန်ပြတ်လပ်တာမှုများနှင့် ကြုံနေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

တနင်္သာရီမြို့နယ်အတွင်းတွင် ဗောဓိကမ်းတံတားစစ်ဆေးရေးဂိတ်နှင့် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ ရှေ့ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်များသည် ဆန်တင်လာသည့် ကားများကိုဖမ်းဆီးလေ့ရှိကြောင်း၊ အောက်တိုဘာလအတွင်း အဆိုာ စစ်တပ်စစ်ဆေးရေးဂိတ်များတွင် ဆန်တင်လာသည့် ကား ၇ စီးထက်မနည်းဖမ်းဆီး၊ ငွေညှစ်ခံခဲ့ရပြီး ကားနှင့် ကားမောင်းသူအားလုံး ပြန်လွတ်လာသော်လည်း ဆန်အိတ်များ သိမ်းခံရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article