30 C
Yangon

မြန်မာစစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းများကို ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က တရားဝင်မှု ပေးနေခြင်း ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့ ၄၅၅ ဖွဲ့က တောင်းဆို

Must read

မြန်မာစစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းများကို ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က တရားဝင်မှု ပေးနေခြင်း ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့ ၄၅၅ ဖွဲ့က တောင်းဆို

■ စစ်အုပ်စုကို ထိတွေ့ဆက်ဆံသော ဖင်လန်နှင့်ဆွစ်ဇာလန်တို့ မြန်မာပြည်သူလူထုကို တောင်းပန်ရမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မြန်မာစစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းများကို ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က တရားဝင်မှု ပေးနေခြင်း ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့ ၄၅၅ ဖွဲ့က တောင်းဆိုလိုက်ကြကြောင်း အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ခွန်ဆိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံမှ ဝန်ကြီး Elina Valtonen နှင့် ကောင်စီဝန် Ignazio Cassis တို့ကို လိပ်မူ၍ အရပ်ဘက်အဖွဲ့အစည်း ၄၅၅ ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့လိုက်ပြီး ယင်းစာတွင် ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့အနေဖြင့် မြန်မာစစ်အုပ်စုနှင့် ၎င်း၏ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းများအပေါ် တရားဝင်မှုပေးအပ်နေခြင်းအား မဖြစ်မနေ ရပ်တန့် ရမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူလူထု တစ်ရပ် လုံးက ကြိုးပမ်းလျက်ရှိသည့် အားလုံးအကြုံးဝင် ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအပေါ် ပံ့ပိုးကူညီရန် ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့ကို တိုက်တွန်းကြောင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပထဆုံးအနေဖြင့် စစ်အုပ်စုက နိုင်ငံတဝန်းလုံးတွင် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်မှုများ ကျူးလွန်နေချိန်တွင် ဖင်လန်နိုင်ငံအစိုးရသည် CMI – Martti Ahtisaari Peace Foundation မှ တဆင့် မြန်မာစစ်အုပ်စု၏ အမည်ခံငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ဖင်လန်နိုင်ငံ၊ ဟယ်စင်ကီမြို့တွင် လျှို့ဝှက်တွေ့ဆုံရန် မကြာသေးခင်က ဖိတ်ကြားခဲ့ပြီး၊ အဆိုပါမြို့တွင် ၎င်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ စစ်အုပ်စု၏ ကိုယ်စားလှယ်အဖွဲ့အား ဟယ်စင်ကီမြို့သို့ ဖိတ်ကြားခေါ်ယူခြင်းဖြင့် ဖင်လန်အစိုးရသည် စစ်အုပ်စုအပေါ် ၎င်းတို့၏ အသိအမှတ်ပြုမှု၊ ကြိုဆိုမှုနှင့် ပံ့ပိုးမှုတို့ကို ပြသခဲ့ခြင်းဖြစ်ပြီး၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီအခြေခံမူများနှင့် အထူးသဖြင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ လိုလားတောင့်တချက်များကို လုံးလုံးလျားလျား ဆန့်ကျင်ချိုးဖောက်ခြင်းဟု အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုသည်။

လက်ရှိအခြေအနေသည် မြန်မာပြည်သူလူထုနှင့် တရားမဝင်စစ်အုပ်စု အကြား နိုင်ငံရေးသဘောထား ကွဲလွဲမှုရှိနေသည်ဟု ဆိုရုံမျှ မကတော့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ၎င်းတို့၏ မအောင်မြင်သော အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှစ၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့အထိ စစ်အုပ်စုက အနည်းဆုံး ပြည်သူပေါင်း ၄,၁၇၄ ဦးအား သတ်ဖြတ်ထားပြီး၊ လူပေါင်း ၁.၇ သန်းကျော်အား အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ကြောင်း၊ မကြာသေးမီလများအတွင်း စစ်အုပ်စုသည် နိုင်ငံတဝန်းမှ အရပ်သားပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ရန်အတွက် ၎င်းတို့၏ လေကြောင်း တိုက်ခိုက်မှုများကို ပိုမိုအသုံးပြုလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလမှ ဩဂုတ်လအထိ ကာလတို တစ်ခုအတွင်းမှာပင် လေကြောင်း တိုက်ခိုက်မှု ၂၇၂ ကြိမ် လုပ်ဆောင်ခဲ့ပြီး၊ ၄င်းအရေအတွက်သည် အနည်းဆုံး တစ်နေ့လျှင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နှင့် ညီမျှသည့် ပမာဏကို ဖြစ်စေကြောင်း၊ ထိုကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ပြီး၊ ၁၆၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စာသင်ကျောင်းများ၊ ဆေးဘက်ဆိုင်ရာ အဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။

ဖင်လန်အစိုးရအနေဖြင့် ထိုသို့ အကြမ်းဖက်လူသတ်စစ်အုပ်စုအပေါ် ပံ့ပိုးကူညီနေခြင်းနှင့် တရားဝင်မှု ပေးအပ်ခြင်းများသည် မြန်မာပြည်သူများအပေါ် ကာကွယ်ရန်အလို့ငှာ လုပ်ဆောင်ရမည့် ၎င်းတို့၏ နိုင်ငံတကာတာဝန်ဝတ္တရားများကို ပျက်ကွက်စေခဲ့သည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရပ်ခံကာကွယ်နေသည့် မြန်မာလူထု၏ ခုခံဆန့်ကျင်ရေး လှုပ်ရှားမှုကိုလည်း ထိခိုက်စေခဲ့ကြောင်း၊ ဖင်လန်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် စစ်အုပ်စုကို ပစ်မှတ်ထားသော နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း အဟန့်အတားဖြစ်စေပြီး, မြန်မာအရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုပေါင်းများစွာကို ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြည့်အဝနှင့် ဆက်လက်ကျူးလွန်နိုင်စေရန် စစ်အုပ်စုအား ရဲဆေးတင် တွန်းအားပေးစေခဲ့ကြောင်း ထောက်ပြထားသည်။

အလားတူ ဆွစ်ဇာလန်အစိုးရသည် Centre for Humanitarian Dialogue၊ Swisspeace တို့နှင့် ပူးတွဲ၍ တစ်နိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဆက်စပ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ အထိ နေပြည်တော်၌ စီစဉ်ကျင်းပခဲ့ကြောင်း ၊ စစ်အုပ်စု၏ အချည်းနှီး အတုအယောင် NCA ကြိုးပမ်းမှုများကို ဆွစ်အစိုးရက ပံ့ပိုးကူညီခြင်းသည် မြန်မာစစ်အုပ်စုအား တရားဝင်ဖြစ်စေမှုကို အထောက်အကူ ဖြစ်စေသည်သာမက၊ မြန်မာပြည်သူ လူထုအား စစ်အာဏာရှင်စနစ်အောက် အတင်းအဓမ္မ ပြန်လည်သွတ်သွင်းစေမည့် စစ်အုပ်စု၏ အညှာတာမဲ့ အကြမ်းဖက်လုပ်ရပ်များကိုလည်း သက်ဆိုးရှည်စေမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောသည်။

မအောင်မြင်သည့် NCA အစီအစဉ်သည် မြန်မာနိုင်ငံ ကြုံတွေ့နေရသည့် ဘက်စုံအကြပ်အတည်းအား ဖြေရှင်းရာတွင် ဆီလျော်အပ်စပ်ခြင်း အလျဉ်းမရှိကြောင်း၊ စင်စစ် မြန်မာစစ်တပ်သည် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသော အဓိကရင်းမြစ်ဖြစ်နေသလို ပဋိပက္ခများ၏ အရင်းခံအကြောင်းတရားအဖြစ် ရှိနေသည့်အတွက် NCA အား ပံ့ပိုးကူညီမှုသည် စစ်အုပ်စုအား ရဲဆေးတင်ပေးခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း တွင်းဆုံးကျ ပျက်စီးနေမှုများကို ပိုမိုဆိုးရွားစေမည်သာ ဖြစ်ကြောင်း၊ NCA သည် ၎င်း၏ အရင်းမူလအစီအစဉ်တွင်ပင် ကြီးကြီးမားမား ချို့ယွင်းခဲ့ပြီး၊ အားလုံးပါဝင်နိုင်မှု မရှိခဲ့သည့်အတွက် စတင်ချိန်မှစ၍ ချီးမွမ်းထိုက်သည့်၊ စစ်မှန်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် မဖြစ်ခဲ့ကြောင်း ထောက်ပြ ထားသည်။

ယနေ့အချိန်တွင် စစ်အုပ်စု၏ အချည်းနှီး NCA လုပ်ငန်းများတွင် ဆက်လက်ပါဝင် ဆောင်ရွက်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နယ်မြေထိန်းချုပ်မှုမရှိ၊ စစ်သည် အင်အား တောင့်တင်းများပြားခြင်း မရှိသည့် အဖွဲ့အစည်းများ ဖြစ်သည့်အပြင် ၎င်းတို့၏ လူထုအပေါ် ကိုယ်စားပြုနိုင်သည့် အခွင့်အာဏာများလည်း ရှိမနေပေ။ ထို့ကြောင့် NCA နှင့် ပတ်သက်သည့် စစ်အုပ်စု ၏ လုပ်ဆောင်ချက်မှန်သမျှသည် ရေရာမှုမရှိသည့်အပြင် တရားဝင်မှုလည်း ရှိမနေသည့် အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မဖြစ်မနေ ရှုတ်ချရမည်ဖြစ်ကြောင်း၊ အရပ်ဘက်အဖွဲ့များက ရှင်းပြသည်။

ထို့ပြင် ဆွစ်ဇာလန်နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့သည် အခြားနိုင်ငံအနည်းငယ်နှင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC) ၏ လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် နည်းပညာအထောက်အကူပြု အတွင်းရေးမှူးရုံး (TSC) မှတဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ကြိုးပမ်းနေကြောင်း ၊ JMC နှင့် TSC ကဲ့သို့သော စစ်ကောင်စီက ထိန်းချုပ်ထားသည့် လမ်းကြောင်းများမှတဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်းသည် အမှန်တကယ်လိုအပ်သည့် ပြည်သူများထံ ရောက်ရှိမည်မဟုတ်ဘဲ၊ ယင်းအစား ၄င်းသည် တရားမဝင်စစ်အုပ်စုအတွက် တရားဝင်မှုကို ရရှိစေမည် ဖြစ်ပြီး၊ အရပ်သားပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများကို အရှိန်မြှင့်ပေးမည့်အပြင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် အစုအပြုံလိုက် ရာဇဝတ်မှုများကို ဖုံးဖိဖာထေးပေးမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ရှင်းလင်းပြောဆိုသည်။

ပြီးခဲ့သည့်ကာလများနည်းတူ JMC နှင့် TSC တို့အပေါ် စစ်တပ်က ယခုတွင်လည်း ထိန်းချုပ်ထားကြောင်း ဆွစ်ဇာလန်နှင့် ဖင်လန်နိုင်ငံတို့အနေနှင့် ကောင်းစွာ သိရှိထားပြီး ဖြစ်ကြောင်း၊ JMC အား စတင် ဖွဲ့စည်းသည့်အချိန်တွင် ယခင်ရှိနှင့်ပြီးဖြစ်သည့် အရပ်သားပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအား ပိတ်ပင်ခဲ့ သလို၊ အရပ်သားပြည်သူ့အသံများအပေါ် စစ်အုပ်စု၏ ထိန်းချုပ်မှုသည် ယခင်ကာလများအားလုံးထက် ယနေ့အချိန်တွင် အနိုင်ကျင့်လွှမ်းမိုးမှု အရှိဆုံးဖြစ်ကြောင်း၊ လက်တွေ့တွင်လည်း JMC နှင့် TSC တို့သည် ၎င်းတို့ စတင်ဖွဲ့စည်းသည့် အချိန်ကတည်းကပင် အရပ်သားပြည်သူများအပေါ် အကူအညီပေးရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိသလို၊ နောင်တွင်လည်း ရှိလာနိုင်မည် မဟုတ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ရှင်းလင်းပြောဆိုသည်။

ဆွစ်ဇာလန်နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့သည် မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်စစ်ပွဲများကို ဆက်လက်ကျူးလွန်နိုင်စေရန် စစ်အုပ်စုအား ခွင့်ပြုထားသည့် ဖော်ပြပါ ကျင့်ဝတ်မဲ့လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်နေသည်ကို သိရှိရသည့်အတွက် တုန်လှုပ်ရကြောင်း၊ အချိုးမညီ တဖက်စောင်းနင်း ပဋိပက္ခတွင် ဖိနှိပ်သူ စစ်အုပ်စုသည် မည်သည့်စေ့စပ် ညှိနှိုင်းရေး စားပွဲဝိုင်းတွင်မှ တန်းတူရည်တူ သို့မဟုတ် ယုံကြည်ထိုက်သည့် မိတ်ဖက် မဖြစ်နိုင်ကြောင်း၊ ဥရောပသမိုင်းက ကျွန်န်ုပ်တို့အား ညွှန်းဆိုပြသခဲ့သည့်အတိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုများတွင် ပါဝင်ဆောက်ရွက်နိုင်သည့် အခွင့်ထူးသည် စစ်မှန်သည့်ငြိမ်းချမ်းရေး သို့မဟုတ် အကြမ်းဖက်မှု ရပ်စဲရေးအပေါ် စိတ်ဝင်စားမှု မရှိသည့် အကြမ်းဖက်ဖိနှိပ်သူများအား ပေးအပ်ခြင်းမျိုး မရှိစေရန်ပင်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။

ထို့ကြောင့် ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံအစိုးရများအနေဖြင့် စစ်အုပ်စုအတွက် တရားဝင်မှုနှင့် အသိအမှတ်ပြုမှု ပေးအပ်ခြင်းကို ရပ်တန့်ရန်၊ ယင်းအစား မြန်မာပြည်သူများအတွက် အပြည့်အဝ ပံ့ပိုးကူညီရန် တောင်းဆိုကြောင်း၊ ယင်းသို့ လုပ်ဆောင်ရန်အတွက် ဖင်လန်နှင့် ဆွစ်ဇာလန်အစိုးရများ အနေဖြင့် စစ်တပ်၏ အကြမ်းဖက်မှုများကို ဆယ်စုနှစ်များစွာ ရင်နှင့်မမျှ ဆိုးဆိုးရွားရွား ခံစားခဲ့ရသည့် မြန်မာပြည်သူများအပေါ် စော်ကားမှုဖြစ်စေသည့် ရှေ့တွင်ဖော်ပြခဲ့သော လုပ်ရပ်များအပါအဝင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု မှန်သမျှကို ချက်ချင်း ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။

မြန်မာပြည်သူလူထု၏ လိုလားတောင့်တမှုနှင့် အညီဖြစ်စေရန် ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့ အနေဖြင့် မြန်မာပြည်သူများအတွက် တရားမျှတမှု လက်တွေ့အကောင်အထည်ဖော်ရေးနှင့် လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် စစ်တပ်အား အပြစ်ပေးတာဝန်ခံစေရေး နိုင်ငံတကာ၏ လက်ရှိကြိုးပမ်းမှုများတွင် အတူတကွ ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း၊ တဆက်စပ်တည်းပင် ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့အနေဖြင့် စစ်အုပ်စု၏ အတုအယောင် NCA ဆက်စပ် ငြိမ်းချမ်းရေး လုပ်ငန်းများအပေါ် ရှုတ်ချရန်နှင့်၊ ယင်းအစား အောက်ခြေမှစ၍ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး ရရှိစေရေး မြန်မာပြည်သူများ၏ ကြိုးပမ်းမှုတွင် ဘဏ္ဍာရေးနှင့် နိုင်ငံရေးဆိုင်ရာ အကူအညီများ ပေးအပ်ရန် အရ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်အတွက် စစ်တပ်အား နိုင်ငံတကာ ဥပဒေအောက်တွင် အရေးယူတာဝန်ခံစေရမည်သာမက၊ စစ်လက်နက်များနှင့် နိုင်ငံခြားငွေများ စစ်အုပ်စု လက်လှမ်းမှီရရှိနေမှုကို မဖြစ်မနေ ရပ်တန့်စေရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မြန်မာ့အကျပ်အတည်းအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲအပ်ရေး သို့မဟုတ် အထူးခုံရုံးတစ်ရပ် ဖွဲ့စည်းရေး၊ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးနှင့် တဆက်စပ်တည်း စစ်အုပ်စုအပေါ် ပစ်မှတ်ထားသော ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြဌာန်းချက်တစ်ရပ် ထွက်ပေါ်လာရန်အတွက် အလေးအနက်ထား အကြံပြုထားသည်။

ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့အနေဖြင့် လူသားချင်း စာနာမှုအကူအညီများ ပေးအပ်ရန်အတွက် စစ်အုပ်စုနှင့် စစ်အုပ်စုထိန်းချုပ်ထားသော သို့မဟုတ် စစ်အုပ်စုနှင့် ဆက်စပ်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် မိတ်ဖက်ပြု ဆက်သွယ်ဆောင်ရွက်မှုအားလုံးကို ညီညီညွတ်ညွတ်ဖြင့် အဆုံးသတ် ရမည်ဖြစ်ကြောင်း၊ ယင်းအစား ဒေသခံလူထု ဦးဆောင်သည့် လူသားချင်းစာနာမှု တုန့်ပြန်ကူညီရေးဆိုင်ရာ ကြိုးပမ်းမှုများအား နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတဆင့် အားပေးမြှင့်တင်ပေးသင့်သလို လူသားချင်း စာနာမှုအကူအညီများအား ဒေသခံလူမျိုးစုအဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်း များထံ တိုက်ရိုက်ပေးအပ်ရန် အကြံပြုထားသည်။

မြန်မာလူထုသည် နိုင်ငံတဝန်း အားကောင်းနေသည့် လူထုခုခံတော်လှန်ရေး လှုပ်ရှားမှုများမှတဆင့် စစ်ရာဇဝတ်ဂိုဏ်းအား ဖြိုချဖျက်သိမ်းရေးနှင့် စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုများ အဆုံးသတ်ရေး ရှေးရှုနေပြီဖြစ်ကြောင်း၊ ယခုအချိန်သည် ဆွစ်ဇာလန်နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့အနေဖြင့် မြန်မာပြည်သူလူထု ဘက်တွင် ပြတ်ပြတ်သားသား ရပ်တည်ရမည့် အချိန်ပင် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။

မြန်မာစစ်အုပ်စုကို ထိတွေ့ဆက်ဆံနေသော ဖင်လန်အစိုးရနှင် ဆွစ်ဇာလန်တို့အနေဖြင့် မြန်မာပြည်သူများကို တောင်းပန်ရမည်ဟု အရပ်ဘက်အဖွဲ့များ၏ ပြောခွင့်ရပုဂ္ဂိုလ် ခွန်ဆိုင်းက ပြောဆိုသည်။

“ဖင်လန်အစိုးရက စစ်ဗိုလ်ချုပ် ၆ ယောက်ကို ဟယ်ဆင်ကီးမြို့တော်ကို ဖိတ်တယ်။ ဆွစ်ဇာလန်အစိုးရရဲ့ ဆွစ် ငြိမ်းချမ်းရေးအဖွဲ့ ၃ ဖွဲ့က နေပြည်တော်မှာ စစ်အုပ်စုကို ဒိုင်ယာလော့ သင်တန်းတွေ ပေးတယ်လို့ သိရတယ်။ စစ်အုပ်စုက ဒိုင်ယာလော့ သင်တန်းပေးရမှာမဟုတ်ဘူး။ သူတို့ကိုဖမ်းပြီး နိုင်ငံတကာ တရားရုံးမှာ စီရင်ပြစ်ဒဏ်ပေးရမှာ။ မရှိတော့တဲ့ NCA ရဲ့ JMC ကနေ မအလ စစ်တပ်ကြောင့်ဖြစ်တဲ့ စစ်ရှောင်တွေကို ကူမယ်ဆိုပြီး လုပ်နေတယ်။ ဒီလုပ်ရပ်တွေဟာ နေ့စဉ်နဲ့အမျှ လူမဆန်တဲ့ နည်းတွေနဲ့ အကြမ်းဖက် သတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူတွေကို စော်ကားလိုက်တာဖြစ်တယ်။ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို အားပေးနေတာဖြစ်တယ်၊ ပဋိပက္ခတွေ ပိုပြီးရှုတ်ထွေးကျယ်ပြန့်လာအောင် လုပ်နေတာဖြစ်တယ်။ သူတို့လုပ်နေတာတွေကို မြန်မာပြည်သူတွေကို ရှင်းပြရမယ်။ တောင်းပန်ရမယ်။ ဒီလုပ်ရပ်တွေမှာ ပါနေတဲ့ မြန်မာပြည်က ငြိမ်းချမ်းရေး ပွဲစားတွေလည်း ဒီလို ရာဇဝတ်အားပေးလုပ်ရပ်တွေ ရပ်တန်းက ရပ်ကြဖို့ သတိပေးချင်ပါတယ်” ဟု ခွန်ဆိုင်းက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က နေပြည်တော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ ကျင်းပခဲ့သည့် NCA ၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲအခမ်းအနား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article