39 C
Yangon

ပြည်သူများက ဘဏ်များမှ ငွေများ ထုတ်ယူနေမှု များပြားနေဟု စစ်ကောင်စီ ဝန်ခံ

Must read

ပြည်သူများက ဘဏ်များမှ ငွေများ ထုတ်ယူနေမှု များပြားနေဟု စစ်ကောင်စီ ဝန်ခံ

■ ပြည်ပမီဒီယာများကြောင့် ဘဏ်ပြဿနာဖြစ်နေရဟု ဇော်မင်းထွန်းက စွပ်စွဲပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသများနှင့်မြို့နယ်များတွင် ဘဏ်များ ဆက်တိုက် ပိတ်သိမ်းနေရမှု ဖြေရှင်းချက်မပေးနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကဘဏ်များမှ ပြည်သူများ ငွေထုတ်ယူမှုများ ပြားနေကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဝန်ခံလိုက်သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က နယ်ဘဏ်ခွဲအချိုသည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ လူမှုကွန်ရက်များတွင် အဆိုပါသတင်းများကိုဖော်ပြသဖြင့် ပြည်သူများက စိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှ ငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရကြောင်း ထုတ်ပြန်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်အချင်းချင်းချိတ်ဆက်ဝန်ဆောင်မှုပေးသည့် Core Banking System အသုံးပြုလျက်ရှိရာ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းတစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရတော့သည့် အခြေအနေမျိုး ဖြစ်ပေါ်သွားမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့်ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဘဏ်များမှငွေများကို လိုသည်ထက်ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတိုငွေများ ဆုံးရှုးနိုင်သည့် အခြေအနေမျိုးဖြစ်ပေါ်နိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ဘဏ်များမှငွေများကို လိုသည်ထက် ပိုမိုထုတ်ယူခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ယူသည်၊ မည်သည့်နေရာတွင် သုံးစွဲသည် စသည့် သံသယဖြစ်ဖွယ်အခြေအနေများအတွက် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကို လည်းခံရနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းကမူ ပြည်ပမီဒီယာများကြောင့် ဘဏ်ပြဿနာဖြစ်ပေါ်နေရကြောင်း ထုတ်ပြန်ပြောဆိုသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် အပါအဝင် တိုက်ပွဲဖြစ်ပွားရာ ဒေသများနှင့်မြို့နယ်များတွင် ပုဂ္ဂလိကဘဏ်များ အကန့်အသတ်မရှိ ဆက်တိုက် ပိတ်သိမ်းနေရမှု ဖြေရှင်းချက်မပေးနိုင်ကြောင်း သိရှိရသည်။

“ဘဏ်လုပ်ငန်းမမှန်သတင်းတွေ ဖြန့်ဝေပြီးတော့ တိုက်ခိုက်လာတယ်။ နံပါတ် ၁- ဘဏ်တွေမှာ ငွေထုတ်ဖို့ အခက်အခဲဖြစ်ပေါ်နေတယ်ဆိုတဲ့အချက်။ နံပါတ် ၂ -အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးနေတယ်ဆိုတဲ့အချက်။ နံပါတ် ၃ ကတော့ ဘဏ်တွေမှာ ငွေမရှိတော့ဘူးဆိုတဲ့ ကောလာဟလ။ နံပါတ် ၄ ကတော့ ဘဏ်အပ်ငွေ တွေကို ပြည်သူလူထုတွေကို အများအပြားထုတ်ယူနေကြတယ်ဆိုတဲ့ ကောလာဟလ ထုတ်ပြီးတော့ တိုက်ခိုက်တယ်။ ဒီလိုမျိုး မမှန်သတင်းဖြန့်ဝေပြီး ဘဏ်လုပ်ငန်းစနစ်ကို တိုက်ခိုက်မှုတွေက ၂၀၂၁ ခုနှစ်မှာလည်း ကျယ်ပြန့်စွာ ပြုလုပ်ခဲ့တာတွေ့ရတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပုဂ္ဂလိကဘဏ်များ၊ မြန်မာ့စီးပွားရေးဘဏ်များ၊ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ခမ်းပတ်မြို့၊ ချင်းပြည်နယ်ရှိ ပုဂ္ဂလိကဘဏ်များ၊ မြန်မာ့စီးပွားရေးဘဏ်များ၊ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများဖြစ်ပွားနေသော ဒေသများမှ ဘဏ်များမှာ လုပ်ငန်းများ လည်ပတ်နိုင်ခြင်းမရှိဘဲ ဆက်တိုက် ပိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် ဇော်မင်းထွန်း။

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article