ပေါက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ဦးငဝဲကို စစ်တပ်က ပစ်ခတ် သတ် ဖြတ်ပြီး နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ နိုဝင်ဘာ ၂၀
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းဆုံ(မ)ကျေးရွာ၊ ကျောက်ပုံတောတိုက်နယ်မှ စစ်ဘေးရှောင် ဦးငဝဲကို စစ်တပ်က သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်း ပေါက်မြို့နယ် ဇီးပြားကျေးရွာသို့ စစ်ကူပေးခဲ့သည့် အမှတ် ၂၄ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးတပ်(ကပစ-၂၄) က ချောင်းဆုံ(မ)ကျေးရွာ၊ ကျောက်ပုံတောတိုက်နယ်မှ စစ်ဘေးရှောင် ပြည်သူ ဦးငဝဲကို ဖမ်းဆီးပြီး ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ထို့ပြင် ချောင်းဆုံ(မ)ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ် ၁၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
“စစ်ဘေးရှောင်တဲ ၁၁ လုံးကိုမီးရှို့သွားတယ်။ ပြည်သူတွေကိုမိရင်မိသလိုလိမ့်သတ်နေတာ။ စစ်ခွေးတွေက ရှုံးမဲမဲ ပြီး သတ်နေတာ။ အခု ပေါက်မြို့နယ် ခုံတာရေဖြူ ချောင်းဆုံ ညောင်ကိုင်းစတဲ့ရွာတွေဟာစစ်ဘေးရှာင်နေရတာ ၁နှစ်ခွဲရှိနေတဲ့ရွာတွေပါ။အခုက စစ်ကြောင်းထိုးတာမဟုတ်ဘဲ စစ်ဘေးရှောင်ပြည်သူတွေကို လမ်းဘေးဝက်သားတုတ်ထိုးစားသလိုလမ်းကြုံဝင်သတ်သွားတာ။ အခု အသတ်ခံရတာက စစ်ဘေးရှောင် ပြည်သူ ဦးငဝဲ ကပစ၂၄က သတ်သွားတာ။ လမ်းကြုံရင်း တည့်တည့်တိုးပြီး အသတ်ခံရတာထင်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က ပေါက်မြို့နယ်အတွင်းတွင် စစ်ကြောင်းများ ခွဲကာ ပြည်သူများနေထိုင်သော ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်း၊ ပြည်သူများကို ဖမ်းဆီးညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခြင်း၊ ၊ တန်ဖိုးရှိ ပစ္စည်းများ လုယူခြင်းများကို ဆက်တိုက် လုပ်ဆောင်လာကြောင်း သိရှိရသည်။
