25 C
Yangon

လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်လာသည့် Non CDM ဝန်ထမ်းနှင့် မိသားစုဝင်များကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး စစ်တပ်နှင့် ပတ်သက် ဆက်နွယ်မှုမရှိသော ၁၉၃ ဦးကို ခံဝန်ထိုးခိုင်းကာ နယ်နှင်ဒဏ်ပေး

Must read

လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်လာသည့် Non CDM ဝန်ထမ်းနှင့် မိသားစုဝင်များကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး စစ်တပ်နှင့် ပတ်သက် ဆက်နွယ်မှုမရှိသော ၁၉၃ ဦးကို ခံဝန်ထိုးခိုင်းကာ နယ်နှင်ဒဏ်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်ခဲ့သည့် Non CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ စိစစ်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှုမရှိသည့် Non-CDM ၁၉၃ ဦးကို ကတိဝန်ခံလက်မှတ်ရေးထိုးကာ ကရင်နီပြည်နယ် ပြင်ပသို့ နယ်နှင်ဒဏ်ပေးလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။

စုံစမ်းစစ်ဆေးရာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိက တာဝန်ရှိသူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကရင်နီပြည်ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်တရားစွဲကာ သက်ဆိုင်ရာ တရားစီရင်ရေးဌာနသို့ လွှဲပြောင်းပြီး ဥပဒေနှင့် အညီတရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ရိုက်ဆက်နွှယ်ပတ်သက်နေသည့် တပ်မိသားစုဝင် ၃ ဦးကိုမူ စက်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ စစ်ခုံရုံးသို့ လွှဲပြောင်းကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်မှု မရှိသည့် Non CDM များကို ပထမအကြိမ် အမှုထမ်း ၇၀ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၃၇ ဦး၊ ဒုတိယအကြိမ် အရာထမ်း ၅၉ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၂၇ ဦး၊ စုစုပေါင်း ၁၉၃ ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်၊ ကျောင်း ရုံးနှင့်လည်း အဆက်အသွယ်မပြုလုပ်ရန်၊ ပြည်သူ့ဆန္ဒနှင့် အညီတစ်သားတည်းရပ်တည်သွားရန် စသည့်တို့ ပါဝင်သည့် ကတိဝန်ခံချက်တွင် လက်မှတ်ရေးထိုးစေကာ ကရင်နီပြည်နယ် ပြင်ပသို့ နိုဝင်ဘာ ၂၈ ရက်‌နေ့တွင် အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ရေးအရှိန် ယခုထက် ပို၍ မြင့်လာဦးမည်ဖြစ်၍ စစ်တပ်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများအားလုံး ပြည်သူနှင့် တစ်သားတည်းရပ်ကာ တော်လှန်ရေး အင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းရန်လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article