စစ်ကောင်စီတပ်မှ တိုက်လေယာဉ်မှူး များအနေဖြင့် လေယာဉ်ပေါ်မှ လေထီးဖြင့် ခုန်ချပြီး လေယာဉ်ကိုစွန့်ခွာ ဖျက်ဆီးကာ CDM လုပ်ကြရန် ဖမ်းဆီးခံ တိုက်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး တိုက်တွန်း
■ မင်းအောင်လှိုင်နောက် မလိုက်တော့ဘဲ လေသူရဲများအနေဖြင့် တော်လှန် ရေး ပြီးဆုံးအောင်မြင်စေရေး ပြည်သူနှင့် ပူးပေါင်းရေး ဖိတ်ခေါ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
စစ်ကောင်စီတပ်မှ တိုက်လေယာဉ်မှူး များအနေဖြင့် တိုက်လေယာဉ်ပေါ်မှ လေထီးဖြင့် ခုန်ချပြီး တိုက်လေယာဉ်ကိုစွန့်ခွာ ဖျက် ဆီးကာ ပြည်သူနှင့်ပူးပေါင်း CDM လုပ်ကြရန် ဖမ်းဆီးခံ တိုက်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး တိုက်တွန်းပြောဆိုလိုက်သည်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက Interim Executive Council of Karenni State က ထုတ်ပြန်သော ဗိုလ်မှူး ခိုင်သန့်မိုး၏ ပြောဆိုချက်တွင် ၎င်းက အထက်ပါအတိုင်း လုပ်ဖော်ကိုင်ဖက် စစ်လေယာဉ်မှူးများကို တိုက်တွန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
တိုက်လေယာဉ်မှူး လေသူရဲများအနေဖြင့် အရပ်ဘက်ပစ်မှတ်များကို ပစ်ခတ်ခဲ့ရပြီး မိမိကြောင့် သေဆုံးသွားသော ပြည်သူများနှင့် ပြိုကွဲသွားသော မိသားစုများကို အဖတ်ဆယ်နိုင်ရေးအတွက် လေသူရဲ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ရေးအတွက် ထိုသို့ လေယာဉ်ကို စွန့်ခွာဖျက်ဆီးကြရန်၊ လေထီးဖြင့် ခုန်ချပြီး ပြည်သူများနှင့်အတူ ပူးပေါင်း CDM လုပ်ကြရန် ၎င်းက တိုက်တွန်းခြင်းဖြစ်သည်။
“ကျွန်တော်တို့ လေသူရဲတွေ အနေနဲ့ ရှေ့ပိုင်းမှာ ပြောခဲ့သလိုပဲ ကိုယ်တွေ လုပ်ခဲ့တဲ့ အရပ်ဘက် ပစ်မှတ်တွေကို မှားယွင်းပြီး ပစ်ခဲ့တဲ့ ကိုယ့်ကြောင့် မိသားစုတွေ ပြိုကွဲပြီးသွားတဲ့ဟာတွေကို ပြန်ပြီးတော့ အဖတ်ဆယ်ဖို့ ၊ ကိုယ့်ရဲ့ လေသူရဲ ဂုဏ်သိက္ခာတွေ ပြန်လည် ထိန်းကျောင်းဖို့ ဆိုလို့ရှိရင် ဒီနောက်ပိုင်း နည်းလမ်းတွေ ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အခုဆိုရင် ဒီ Eject form ပြီးတာနဲ့ ကရင်နီပြည်နယ်ထဲမှာ ကောင်းကောင်းမွန်မွန်နဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတာ ရှိပါတယ်။ တခြား လေသူရဲတွေ အနေနဲ့လည်း တကယ်လို့ CDM လုပ်ချင်တယ်၊ ဒါမျိုးတွေ ဆက်မလုပ်ချင်တော့ဘူးဆိုလို့ရှိရင် ကရင်နီ နယ်ထဲမှာ ကြိုက်တဲ့နေရာမှာ ကျွန်တော်တို့ Eject ခုန်ပြီးလို့ရှိရင် လေယာဉ်ကို စွန့်ပြီးတော့ ဝင်လာလို့ရပါတယ်။ အလံဖြူထောင်ပြီးတော့လည်း ဝင်လာလို့ရပါတယ်။ အဲဒီလို မိမိရဲ့ အမှားတွေကို သိပြီးပြီဆိုလို့ရှိရင် ပြည်သူနဲ့အတူ ပူးပေါင်းပြီးတော့မှ ပြည်သူ့ရဲ့ အကျိုးကို ကြည့်ပြီးတော့မှ နောက်တစ်ခါ ပြည်သူကို ထိခိုက်မှုမျိုးတွေ ဒါမဖြစ်အောင်လို့ CDM လုပ်ချင်တဲ့ စိတ်ရှိတဲ့ လူတွေ ဆိုလို့ရှိရင်တော့ ကရင်နီ နယ်ထဲမှာ လေယာဉ်ပျံသန်းပြီးပြီဆိုလို့ရှိရင် မြို့ထဲမှာတော့ မဟုတ်ဘဲနဲ့ ဒီ လမ်းဘေး ဘယ်ညာ ဒါတွေ အားလုံး Eject ခုန်ပြီးလို့ရှိရင် ဒါ ပူးပေါင်းလို့ရပါတယ်။ CDM ဝင်လို့ရပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့်လည်း ကျွန်တော်တို့ ကျူးလွန်ခဲ့တဲ့ အမှားတွေ အတွက်လည်း ဒါတွေ ပြန်ပြီး အဖတ်ဆယ်ပြီးတော့ ကိုယ့်ရဲ့ လေသူရဲ ဂုဏ်သိက္ခာကိုလည်း ထိန်းနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ဖမ်းဆီးခံ တိုက်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးက ပြောဆိုသည်။
ထိုသို့ လေယာဉ်ကို စွန့်ခွာ ဖျက်ဆီးပြီး လေထီးဖြင့် ခုန်ချလာသော လေယာဉ်မှူးများကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ဆုချီးမြှင့်မည်ဟု ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် ထိုသို့ လေထီးဖြင့် ခုန်ချပြီး နီးစပ်ရာနေရာတွင် အလံဖြူထောင် ပြည်သူနှင့် ပူးပေါင်းသင့်ကြောင်း ၎င်းက ဆက်လက် တိုက်တွန်းသည်။
“NUG အနေနဲ့လည်း လေယာဉ်တွေ ဒီလိုမျိုး လုပ်လာပြီဆိုလို့ရှိရင် ဆုငွေတွေ ချီးမြှင့်မယ်ဆိုတာ အရင်တုန်းကတော့ ထုတ်ပြန်ထားတာ ရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် လေသူရဲတွေ အနေနဲ့ နောက်နောင် အလားတူ ဖြစ်ရပ်မျိုး ဖြစ်မယ်ဆိုလို့ရှိရင်တော့ နီးစပ်ရာ နေရာမှာ အလံဖြူထောင်ပြီးလို့ရှိရင် ပြည်သူနဲ့ ဒါမှမဟုတ် ကရင်နီတပ်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သင့်ပါတယ်။ လက်ရှိ ကျွန်တော့်လိုမျိုး ပစ်ပြီးတော့ ပြန်လာတဲ့ လူကိုတောင်မှ ဒီလို ကောင်းကောင်းမွန်မွန်ထားလို့ရှိရင် ဘက်ပြောင်းပြီး CDM အမြန်ဆုံးလုပ်ပြီးတာနဲ့ မိမိရဲ့ လေသူရဲတွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ထိန်းကျောင်းပြီးချိန်ကျတော့ ပြည်သူနဲ့ အတူပူးပေါင်းပြီးတော့ ဒီတော်လှန်ရေးကြီး အမြန်ဆုံးပြီးဆုံးအောင်ရယ် အမြန်ဆုံးလုပ်ဆောင်သင့်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ဒါလေး ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိ မင်းအောင်လှိုင် လုပ်ဗဆာင်နေမှုအပေါ် ဆက်ပြီး မလိုက်ပါ မလုပ်ဆောင်ကြတော့ဘဲ တော်လှန်ရေးကြီး အမြန်ဆုံး ပြီးဆုံးအောင် လေသူရဲများအနေဖြင့် ပူးပေါင်းပါဝင်ရန်လည်း ၎င်းက အကြံပြုသည်။
“လက်ရှိ မင်းအောင်လှိုင်တို့ လုပ်နေတဲ့အပေါ်မှာ ဆက်ပြီးတော့ မလုပ်တော့ဘဲနဲ့ ပြည်သူလူထုနဲ့ ဆက်ပြီးတော့ ပူးပေါင်းပြီးတော့ ဘက်ပြောင်းပြီးတော့ ပြည်သူလူထုရဲ့ အကျိုးကိုပဲ ကြည့်ဖို့ တော်လှန်ရေးကြီး အမြန်ဆုံးပြီးဆုံးအောင် လုပ်ဆောင်ဖို့ ကျွန်တော့်အနေနဲ့ လေသူရဲတွေကို အကြံပြု တင်ပြချင်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း လေယာဉ်တွေ လာပြီဆိုလို့ရှိရင် တိုက်ပွဲနေရာတွေမှာ မနေဖို့ ပြီးတဲ့အခါ ဗုံးခိုကျင်းတွေကို နက်နက်လေး တူးပြီးတဲ့အခါကျတော့ ဝေးရာကို ရှောင်ဖို့၊ လေယာဉ်သံကြားပြီဆိုတာနဲ့ ဗုံးခိုကျင်းထဲ ပြေးဝင်ဖို့၊ ပြီးကျလို့ရှိရင် သစ်ပင်သစ်တောတွေ ထူထပ်တဲ့ နေရာမှာ နေဖို့ ဗုံးဒဏ်ကို ကာကွယ်ဖို့ ကျွန်တော့်အနေနဲ့ အဲဒါလေးကိုလည်း တစ်ဆက်တစ်စပ်တည်း အကြံပြု တင်ပြချင်ပါတယ်” ဟု ၎င်းက ထုတ်ဖော်ပြောဆိုသည်။
(ဖမ်းဆီးခံ ဗိုလ်မှူး ခိုင်သန့်မိုး၏ တိုက်တွန်းချက် အပြည့်အစုံကို ရန်ကုန်ခေတ် သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)