38 C
Yangon

မြောက်ဦးမြို့နယ်၊ မြောင်းဘွေ ရဲစခန်းကို AA က သိမ်းပိုက်ပြီး ရခိုင့်အလံတော်လွှင့်ထူ

Must read

မြောက်ဦးမြို့နယ်၊ မြောင်းဘွေ ရဲစခန်းကို AA က သိမ်းပိုက်ပြီး ရခိုင့်အလံတော်လွှင့်ထူ

ရန်ကုန်| ဒီဇင်ဘာ ၃၀

စစ်ကောင်စီအင်အား ၇၀ ဝန်းကျင်လောက်ရှိသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နှင့် ၁၅ မိုင်ခန့်ဝေးကွာသော မြောင်းဘွေတိုက်နယ် ရဲစခန်းကို ရက္ခိုင့်တပ်တော် AA မှ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီဟု AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြောင်းဘွေတိုက်နယ်ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များအပြင် စစ်‌သားအများအပြားဖြင့် စစ်ကောင်စီက အင်အားဖြည့်တင်းထားသော တပ်စခန်းတစ်ခုဖြစ်ပြီး AA က ဒီဇင်ဘာလ ၂၈ ရက်နေ့ အာရုဏ်တက်ချိန်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်မှာမူ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်းနှင့် AA ၏ အလံတော်ကို တင်ထားလိုက်ပြီဟု သိရှိရသည်။

“မြောင်းဘွေရဲစခန်းမှာ AA အလံ ထူထောင်ထားတာကို မြင်ခဲ့တဲ့သူတွေရှိတယ်။ ဒါဆိုရင် ရဲစခန်းကို AA က သိမ်းပိုက်လိုက်ပြီလို့ ပြောရပါတယ်။ လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်လို့ ပြောကြတယ်။ အတိအကျတော့ ကျနော်တို့လည်း မသိဘူး” ဟု ပြောသည်။

AA သတင်းရင်းမြစ်က မြောင်းဘွေရဲစခန်း၌ ရခိုင့် အလံတော်ကို လွှင့်တင်ထားသည့် ဓါတ်ပုံများကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့သည်။

မြောင်းဘွေဒေသခံ မွတ်ဆလင်တစ်ဦးက ” မြောင်းဘွေရဲစခန်းကို AA က သိမ်းလိုက်ပြီဆိုတာ မှန်ပါတယ်။ ဒီနေ့ နံနက် ၇ နာရီလောက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ် ” ဟု ပြောသည်။

မြောင်းဘွေရဲစခန်းကို AA မှ ထိုးစစ်ဆင်တိုက်ခိုက်သည့်အချိန်မှစ၍ စစ်ကောင်စီအနေဖြင့် မြောက်ဦးမြို့နှင့် မင်းပြားမြို့ရှိ တပ်ရင်များမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်တွေမှ လာရောက်ပြီး လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်များကြားမှ AA မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုတို့ကြောင့် မြောင်းဘွေနှင့် ကပ်လျှက်ရှိသည့် ကိုင်းတော၊ ဘူးတစ်လုံးနှင့် ပေါင်းတုတ်ကျေးရွာတို့က အပြစ်မဲ့ အရပ်သား မွတ်ဆလင် ၅ ဦး သေဆုံးပြီး မွတ်ဆလင်ကလေးငယ်များအပါအဝင် ၁၂ ဦးမှာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article