25 C
Yangon

စစ်ကောင်စီက ကျူးလွန်ခဲ့သော အမှုကြီး၊ အမှုငယ်အားလုံးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ ကင်းလွတ်ခွင့်ပေးမည်မဟုတ်ဘဲ အာဏာရှင်စနစ် ပျက်သုန်းရေး KNU က ဦးဆောင်ချီတက်နေ

Must read

စစ်ကောင်စီက ကျူးလွန်ခဲ့သော အမှုကြီး၊ အမှုငယ်အားလုံးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ ကင်းလွတ်ခွင့်ပေးမည်မဟုတ်ဘဲ အာဏာရှင်စနစ် ပျက်သုန်းရေး KNU က ဦးဆောင်ချီတက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော အမှုကြီး၊ အမှုငယ်အားလုံးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမှ ကင်းလွတ်ခွင့်ပေးမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးမှ ပြည်သူလူထုထံသို့ ပြောကြားသော နှစ်သစ်ကူးသတင်းစကားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စစ်တပ်ကနေ မတော်မတရား ကျူးလွန်ခဲ့တဲ့ အမှုကြီး အမှုငယ်အားလုံးကို တာဝန်ခံတဲ့အနေနဲ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုကို လက်ခံရပါမယ်။ မည်သူ တစ်ဦးတစ်ယောက်မျှ ဒီလိုကျုးလွန်ခဲ့တဲ့ဟာကို ကင်းလွတ်ခွင့် ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအချက်ဟာ အရေးကြီးပြီးတော့ လက်ခံသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုကျူးလွန်ခဲ့တဲ့ လူတွေရဲ့ အသက်ရှင်ရပ်တည်ခွင့်နဲ့ မတော်မတရားရယူခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို ပြည်သူအကျိုးအတွက် ဘယ်လိုစီမံခန့်ခွဲသွားမယ်ဆိုတာ ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားရမယ့် အပိုင်းတွေရှိပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

စစ်အာဏာရှင် စနစ်အောက်တွင် ၃ နှစ်လုံး ပြည်သူများအနေဖြင့် ဒုက္ခများကြုံတွေ့ရကြောင်း၊ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး အိုးအိမ်စည်းစိမ်ဥစ္စာများလည်း ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

“စစ်အာဏာရှင်တွေရဲ့မတရားတဲ့ အာဏာသိမ်းမှုဟာ ၂၀၂၁ ခုနှစ်က စတင်ပြီးတော့ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်အတွင်းမှာ ကြုံခဲ့ ဆုံခဲ့ရတဲ့ ပြည်သူလူထုဒုက္ခတွေဟာ မရေမတွက်နိုင်ပါဘူး။ အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသလို အိုးအိမ်စည်းစိမ်ဥစ္စာပေါင်းများစွာလည်း မရေမတွက်နိုင်အောင် ဆုံးရှုံးခဲ့ရတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုရဲ့ အရေအတွက်ဟာလည်း ၁ သန်းခွဲကနေ ၂ သန်းအထိ ရှိနေတယ်။ ဆိုတော့ ဒီလိုဒုက္ခမျိုးပေါင်းစုံ ကြုံတွေ့နေရခြင်းဟာ ကျွန်တော်တို့ ဆင်နွှဲနေတဲ့ ပြည်သူ့တော် လှန်ရေးကြီးကို ပြည်သူလူထုကနေ အားတက်သရော ထောက်ခံအားပေးနေတယ်ဆိုတာ အသေအချာတွေ့နေရပါတယ်။ သို့သော်လည်း ဒီခရီးဟာမဆုံးသေးပါဘူး။ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဝင်ရောက်လာတဲ့အခါမှာ ဒီစစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဒီစစ်အာဏာရှင်စနစ်ဟာ လုံးဝချုပ်ငြိမ်းသွားရေးအတွက်ဟာ ပြည်သူလူထုကနေပြီးတော့ ဆက်လက်ပြီးတော့ ချီတက်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ ၂၀၂၄ ခုနှစ်အတွင်းမှာပဲ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုဟာ ကျွန်တော်တို့နဲ့ တစ်သားတည်းရပ်တည်ပြီးတော့ အင်နဲ့ အားနဲ့ ဆက်လက်ချီတက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ပဲ ဒီ နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

ထို့ပြင် KNU ကရင့်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်တွင်လည်း စစ်အာဏာရှင် ပြုကျန်ရေးသာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်တစ်ခုလုံး ပျက်သုန်းရေး ရှေးရှုလုပ်ဆောင်နေကြောင်း ၂၀၂၄ နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားသည်။

“အာဏာရှင်ပြုတ်ကျရေးကိုသာမဟုတ်ဘဲ အာဏာရှင်စနစ်တစ်ခုလံး ပျက်သုဉ်းပျောက်ကွယ်သွားရေးကို မျှော်မှန်းတော်လှန်နေရာ ၎င်းအာဏာရှင်နှင့် လူမျိုးကြီးဝါဒစနစ်များကိုပါ အမြစ်ပါမကျန် တွန်းလှန်တိုက်ဖျက်နိုင်ရေး ရှေးရှုလုပ်ဆောင်လျက်ရှိပါသည်” ဟု KNU ၏ နှစ်သစ်ကူးသဝဏ်လွှာတွင် တိုက် တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article