34 C
Yangon

ပလက်ဝရှိ စစ်ကောင်စီ၏ “ခမောင်းဝစခန်း” ကို AA က သိမ်းပိုက်လိုက်ပြီး လက်နက်ချအညံ့မခံသော စစ်တပ်စခန်းကြီး၊ စခန်းငယ်များကို ယခုတစ်ပတ်အတွင်း အပြီးသတ်ချေမှုန်းတိုက်ခိုက်မည်

Must read

ပလက်ဝရှိ စစ်ကောင်စီ၏ “ခမောင်းဝစခန်း” ကို AA က သိမ်းပိုက်လိုက်ပြီး လက်နက်ချအညံ့မခံသော စစ်တပ်စခန်းကြီး၊ စခန်းငယ်များကို ယခုတစ်ပတ်အတွင်း အပြီးသတ်ချေမှုန်းတိုက်ခိုက်မည်

■ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ ဇန်နဝါရီ ၂

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ စစ်ကောင်စီ၏ ခမောင်း၀စခန်းကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး လက်နက်ချ အညံ့မခံသေးသော စစ်တပ်စခန်းကြီး၊ စခန်း ငယ်များနှင့် တစ်ဝက် တစ်ပျက် (သို့) အနည်းငယ်သာ ကျန်ရှိနေသေးသည့် စခန်းများကို ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာသည်။

ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်း ထုတ်ပြန်သော ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရခိုင်ဒေသမှ AA က ဆင်နွှဲလျက်ရှိသော ထိုးစစ်များကို ဖော်ပြထားပြီး ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီအခြေချ “တောင်ရှည်တောင် ဗျူဟာကုန်း” ကို ရက္ခိုင့်တပ်တော် (AA) က အလုံးစုံသိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ၊ စစ်ကောင်စီတပ်က ဗျူဟာကုန်းမကျရေးအတွက် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းမှ အပြင်းအထန်ခုခံကာကွယ်နေရသည့် အပြင် ကျောက်တော်အခြေ စိုက်စခန်းများမှလည်း အတွဲလိုက်ဒုံးအမြောက်အမြားသုံးကာ ခုခံကာကွယ်တိုက်ခိုက်လျက် ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်မှစ၍ မင်းပြားမြို့နယ်၊ ကျိန်းတောင်အခြေစိုက် စစ်ကောင်စီ၏ “ခမရ ၃၈၀”၊ “ခမရ ၃၇၉ ” နှင့် “ခမရ ၅၄၁ ” တပ်ရင်းများက မင်းပြားမြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၃၀ ထက်မနည်း တမင်တကာ ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ၃ လုံးမှာ ပြည်တော်သာရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ် ၃ လုံးနှင့် အခြေခံပညာမူလတန်းကျောင်းမှာ လုံးဝပြိုကျပျက်စီးခဲ့ရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၁ လုံးလည်း မင်းပြားမြို့မစျေးမထဲသို့ ကျရောက်‌ပေါက်ကွဲခဲ့၍ ဆိုင်ခန်းအချို့မှာလည်း ပြိုကျပျက်စီးခဲ့ရကြောင်း၊ ။ ထို့ပြင် မင်းပြားဆေးရုံကြီးအနီးသာမက ကျီးဖြူကျေးရွာအတွင်းသို့ လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် သစ်ပင်ကြီးများပါ ကျိုးပဲ့၊ ပိုင်းပြတ်ကာ ပျက်စီးဆုံးရှုံးမှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် နှင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်အကြားတွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာသို့ အကြမ်းဖက်စစ်ကောင်စီက လူမဆန်စွာ ဒရုန်းဖြင့် ဗုံး များ ၃ ကြိမ်တိုင်တိုင် တမင်တကာ လာရောက်ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦးတို့ အား ထိမှန်၍ သေဆုံးခဲ့ရကြောင်း၊ ထို့အတူ ဒေသခံအမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၃) ဦးတို့မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရမ်းဗြဲမြို့၊ ကျောက်ဖြူမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြေပုံမြို့နှင့် စစ်တွေမြို့များတွင် စစ်ကောင်စီက ယခု နှစ်သစ် ကာလ ပထမရက်သတ္တတစ်ပတ်တွင်လည်း ယခင်ရက်များနည်းတူ စစ်ရေးအင်အား ကြိုတင်ပြင်ဆင်မှုများကို ပိုမို ချဲ့ထွင်လာသည်ကို တွေ့ရှိနေရကြောင်း၊ရမ်းဗြဲကျွန်း၊ ရမ်းဗြဲမြို့အတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့တွင်းရှိ လူနေအိမ်အချို့မှာလည်း မီးလောင်ပျက်စီးမှုများရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ဇန်နဝါရီ လ ၂ ရက်နေ့ တအာင်းတပ်မတော် (TNLA) သည် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲအချို့ရှိခဲ့ကြောင်း၊ အလားတူပင် တအာင်းတပ်မ‌‌‌တော် (TNLA)က ဦးဆောင်၍ MDY PDF တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့နှင့်လည်း နောင်ချို မြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် (၃) ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တအာင်းတပ်မ‌တော် (TNLA) စစ်ရေးလှုပ်ရှားရာနယ်မြေတစ်ခုဖြစ်သည့် လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ဆယ်မိုင်ကုန်းဘက်သို့ စစ်တပ်က လက်နက်ကြီးဖြင့် ၁၉ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က Y12 လေယာဉ်ဖြင့် ၂ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်တိုင် ဗုံး ၉ လုံးနှင့် ဖျက်အားပြင်းပေါင် ၅၀၀ ဗုံး ၂ လုံး တို့ဖြင့် ကွတ်ခိုင်မြို့တွင်း အပါအဝင် တုံဆင်လေးကျေးရွာနှင့် ရပ်ကွက် (၈) ရဲစခန်း တို့အား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ စစ်ကောင်စီတပ်က ရှမ်းပြည်မြောက်ပိုင်း၊ မူပန် (သိန္နီ) ခရိုင်၊ ကျုံခမ်းရှိ စစ်တပ်၏ အကြွင်း အကျန်အချို့သည် အရပ်သားပြည်သူများအား လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မူပန်မြို့ပြင်၊ ပန်းလော်ဒေသ (တရုတ်ရွာ) ထဲရှိ လူနေအိမ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၁၂ နှစ်အရွယ် ဒေသခံ မိန်းကလေးငယ် ၁ ဦး နှင့် ဒေသခံ ၂ ဦးတို့ ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article