36 C
Yangon

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်တပ်က လက်နက်ကြီးများပစ်ခတ်မှု၊ လေကြောင်း ဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ ပြည်သူ ၁၀ ဦးကျော်သေဆုံး

Must read

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်တပ်က လက်နက်ကြီးများပစ်ခတ်မှု၊ လေကြောင်း ဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ ပြည်သူ ၁၀ ဦးကျော်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်များတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်မှ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီ ၁၁ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၀ ဦးကျော် သေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများသည် တရုတ်ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းနှင့် အလွန်နီးကပ်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံး ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ် မှုများကို နမ္မတူမြို့နယ်အတွင်း အများဆုံးပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက် သေဆုံးမှုသည် နမ္မတူမြို့နယ်တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါဒေသ များသည် တရုတ်ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများနှင့် အလွန် နီးကပ် သည့် ဒေသဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၂၄ အခြေ စိုက် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နမ္မတူမြို့ နယ်မြေ ၃ ရှိ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ ဗလီကျောင်းတစ်ကျောင်းနှင့် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် က လက်နက်ကြီးများနှင့် ထပ်မံပစ်ခတ်ခဲ့၍ နမ္မတူမြို့တွင်းရှိ ၁၉ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နယ်မြေ ၃ ကို ဂျက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့၍ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင်လည်း နယ်မြေ ၅ ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်နှင့် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် အကြမ်းဖက်စစ်တပ်သည် TNLA ၏ တိုက်ခိုက်မှုကို မဟန့်တားနိုင်ဘဲ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် TNLA သည် နမ္မတူမြို့နယ်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် စစ်ဖြစ်ပွားခြင်းမရှိဘဲ နမ္မတူမြို့နယ် တောင်ဘက် ပိုက်လိုင်းတစ်လျှောက်ရှိ ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်က ပိုက်လိုင်း၏ အနောက်ဘက် မီတာ ၂၀၀ အကွာရှိ မန်လီကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ အမျိုးသမီး ၁ ဦးသေဆုံးကာ စေတီတစ်ဆူထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင်လည်း အကြမ်းဖက်စစ်တပ်သည် ပိုက်လိုင်း၏ အရှေ့ဘက် မီတာ ၄၀၀ အကွာရှိ မန်ဆာကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ နေအိမ် ၁၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင်လည်း မန်လီကျေးရွာကို လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်းနှင့် နေအိမ် ၁၃ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ပြည်သူများသည် နေအိမ်များတွင် နေထိုင်ရန် ကြောက်ရွံ့နေကြကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့ မန်ဆန်ကျေးရွာရှိ အသက် ၃၅ နှစ်အရွယ် ပြည်သူတစ်ဦးသည် တောထဲတွင် ထွက်ပြေးပုန်းနေစဉ် သွေးတက်၍ သေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ရက်နေ့တွင်ပင် မန်တီးကျေးရွာရှိ အမျိုးသား ၁ ဦးနှင့် ၎င်း၏ သမီးဖြစ်သူ အသက် ၃ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး ၂ ဦးမှာ ယာယီတည်ဆောက်ထားသည့် ဗုံးခိုဘန်ကာတွင် ပုန်းခိုနေစဉ် ဘန်ကာပြိုကျ၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နမ္မတူမြို့တွင်လည်း လားရှိုးမြို့သို့ စစ်ရှောင်ရန် မော်တော်ဆိုင်ကယ်ဖြင့် ထွက်လာသည့် ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်သားများက ပစ်ခတ်၍ ဒဏ်ရာရရှိခဲ့ပြီး အခြားရွာသားတစ်ဦးသည်လည်း အကြမ်းဖက်စစ်တပ်ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ အနောက်မြောက်ဘက်ရှိ ဟူးကွတ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ် ၁၂ ဦးထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်မှ ကျောက်မဲမြို့မြောက်ဘက်ရှိ မိုင်းငေါ်မြို့ကိုလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

မိုင်းငေါ်မြို့ကိုမူ TNLA က ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ သီပေါမြို့ အရှေ့မြောက်ဘက်စွန်းရှိ အကြမ်းဖက်စစ်တပ်၏ ခလရ ၂၃ တပ်သားများနှင့် သီပေါမြို့တောင်ဘက် သီပေါတံတားစောင့် အကြမ်းဖက်စစ်သားများသည် မြို့နှင့် ၅ ကီလိုမီတာခန့်အကွာတွင် ရှိသည့် နမ့်ဟူးနွဲ့ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်များသည် နမ့်ဟူးနွဲ့ဘုရားအတွင်း ကျရောက်ခဲ့ကြောင်း၊ ဘုရားရှိ အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ဘုရားဝင်းသည် နိုဝင်ဘာလမှ စ၍ ပြည်များ ညစဉ် ညတိုင်း လာရောက် စစ်ရှောင်အိပ်စက်ရာ နေရာဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် သီပေါ်မြို့ အရှေ့မြောက်ဘက် ၆ ကီလိုမီတာခန့်အကွာတွင်ရှိသည့် ပန်နေနှင့် ကွန်စံလိတ်ကျေးရွာများကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပန်နေဘုရား ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ပန်နေကျေးရွာသည် ပိုက်လိုင်း၏ အရှေ့တောင်ဘက် မီတာ ၂၀၀ ခန့်အကွာတွင် တည်ရှိသည့် ရွာဖြစ်ကြောင်း သိရှိရသည်။

အလားတူ အကြမ်းဖက်စစ်တပ်က သီပေါမြို့ရှိ တရုတ်ပိုက်လိုင်းအနီးတွင် မြေမြှုပ်မိုင်းများထောင်ထားပြီး အဆိုပါ မြေမြှုပ်မိုင်းများကြောင့် လယ်သမား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် သီပေါ မြို့အရှေ့မြောက် ၁၀ ကီလိုမီတာခန့်အကွာရှိ တာတေ ကျေးရွာနှင့် နမ္မတူ မြစ်ပေါ်ရှိ မိုးတေတံတားကို ဆက်သွယ်ထားသောလမ်းအနောက်ဘက်၌ ကျွဲပျောက် ၍ရှာနေသော လယ်သမားတစ်ဦး အကြမ်းဖက်စစ်တပ်ထောင်ထားသည့် မိုင်း နင်းမိခဲ့ကြောင်း၊ ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း သီပေါမြို့မြောက်ဘက်စွန်းရှိ တုံစင့်ကျေးရွာက အသက် ၆၃နှစ်အရွယ် လယ်သမားတစ်ဦးသည် နွားပျောက်၍ လိုက်ရှာစဉ် အကြမ်းဖက်စစ်တပ်ထောင်ထားသည့် မိုင်းနင်းမိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ရက်နေ့၊ မွန်းလွဲ ၁နာရီခန့်အချိန်တွင် နောင်ချိုမြို့ အနော က်တောင်ဘက် ကီလိုမီတာ ၂၀ခန့်အကွာ၊ မန္တ လေး-မူဆယ် အဝေးပြေးလမ်းမပေါ်ရှိ အုံးမသီး ကျေးရွာတွင် အ‌ခြေစိုက်သော အကြမ်းဖက်စစ်တပ်သည် သုံး ဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း၊ နေအိမ် ၅ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ အုံးမသီးကျေးရွာသည် ပိုက်လိုင်း၏ အရှေ့ဘက်မီတာ ၆၀၀ ခန့်အကွာတွင် တည်ရှိပြီး လက်နက်ကြီးများကို ပိုက်လိုင်းများကို ဖြတ်ကျော်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပိုက်လိုက်တစ်လျှောက် အကြမ်းဖက်စစ်တပ်မှ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ ပိုက်လိုင်းပေါက်ကွဲ၍ ကြီးမားသည့် ထိခိုက်မှုများ ဖြစ်ပေါ်မည်ကို ဒေသပြည်သူများ စိုးရိမ်လျက်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article