34 C
Yangon

ရန်ကုန်မြို့ပေါ်တွင် YBS လိုင်းကားတချို့မှလွဲ၍ ယာဉ်အသွားအလာမရှိတော့ဘဲ ပြည်သူများ အသံတိတ်သပိတ်တွင် ပါဝင်နေ

Must read

ရန်ကုန်မြို့ပေါ်တွင် YBS လိုင်းကားတချို့မှလွဲ၍ ယာဉ်အသွားအလာမရှိတော့ဘဲ ပြည်သူများ အသံတိတ်သပိတ်တွင် ပါဝင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်မြို့ပေါ်တွင် YBS လိုင်းကားတချို့မှလွဲ၍ ယာဉ်အသွားအလာမရှိတော့ဘဲ ပြည်သူများ အသံတိတ်သပိတ်တွင် ပါဝင်နေကြောင်း ရန်ကုန်မြို့နေ ပြည်သူတချို့ထံမှ သိရှိရသည်။

ရန်ကုန်တွင် ယာဉ်အသွားအလာနှင့် လူအသွားအလာသည် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်မှ စ၍ မရှိတော့ဘဲ လျော့နည်းသွားပြီး ယခုသတင်းရေးသားချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် YBS လိုင်းကားများမှလွဲ၍ လမ်းပေါ်တွင် ကားအသွားအလာ မရှိသလောက် နည်းပါးသွားကြောင်း သိရှိရသည်။

“ဒီနေ့တော့ မနက် ၁၀ နာရီခွဲလောက်မှ လူစရှင်းတယ်။ ၁၁ လောက်မှာတော့ မရှိတော့ဘူး။ အခု ၁၂ ထိုးမှာ လမ်းပေါ်မှာ လူမရှိတော့ဘူး။ အတော်ကို ကားတွေပါ ရှင်းသွားတယ်။ မြို့ထဲမှာ လိုင်းကားတွေ ရှိတယ်။ ဒါပေမယ့် လူသူတော့ မရှိတော့ဘူး” ဟု ရန်ကုန်မြို့ကို ပတ်၍ ကြည့်ရှုနေသည့် တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

Google Map ၏ တိုက်ရိုက် ယာဉ်ကြောပြ မြေပုံတွင် ရန်ကုန်တစ်မြို့လုံး အစိမ်းရောင်ဖြစ်နေပြီး ယခင် ကားဖြင့် သွားလျှင် ယာဉ်ကြော ကျပ်တည်းမှုကြောင့် ၂ နာရီ နီးပါးကြာမြင့်သော အင်းစိန်ဆေးရုံမှ ရန်ကုန်မြို့ထဲ ခရီးစဉ်ကို ယခုအခါ ၃၃ မိနစ်ဖြင့်ပင် ရောက်ရှိနိုင်သည်ဟု Google Map တွင် ပြသထားသည်။

“ဟုတ်တယ်။ ပုံမှန်ဆိုရင်တော့ အင်းစိန်ဆေးရုံကနေ မြို့ထဲကို ၂ နာရီလောက်အနည်းဆုံးပဲ။ ပိတ်တဲ့နေရာတွေ အရမ်းများတယ်လေ။ သမိုင်းလမ်းဆုံ၊ စံရိတ်ငြိမ်၊ လှည်းတန်း၊ အဆင့်ဆင့်ပိတ်တာ။ အခုတော့ မိနစ် ၃၀ ကျော်ပဲ။ ယာဉ်ကြောမရှိလို့။ ပုံမှန်ဆို ဒီအချိန်က ယာဉ်ကြောကျပ်တည်းနေတာပဲ။ အခုက ရှင်းသွားတာ” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် လမ်းဆုံလမ်းခွများနှင့် လူသူထူထပ်စွာ များပြားလေ့ရှိသည့် ကားမှတ်တိုင်များတွင် အရပ်ဝတ် စစ်သားနှင့်ရဲများ ချထားကာ ဓာတ်ပုံရိုက်သူ လူငယ်တချို့ အဖမ်းခံရကြောင်း သိရှိရသည်။

“ဆူးလေ တံတားပေါ်ကနေ လမ်းပေါ်မှာ ကားရှင်းနေတာကို ဘုရားကြီး နောက်ခံထားပြီး ဖုန်းနဲ့ ဓာတ်ပုံတက်ရိုက်တဲ့ ကောင်လေးတစ်ဦးကို ဘယ်သူတွေမှန်းတော့မသိဘူး အရပ်ဝတ်နဲ့ပဲ ဖမ်းသွားတာတွေ့တယ်။ ရဲလား၊ စစ်သားလား၊ ရပ်ကွက်လူကြီးတွေလားတော့မသိဘူး။ ကားပေါ်တင်သွားတာတွေ့တယ်။ တကယ်က ကျောက်တံတားရဲစခန်းရှိတာလေ။ အဲဒီကို မခေါ်ဘူး။ ကားပေါ်တင်သွားတယ်” ဟု လူငယ်တစ်ဦး အဖမ်းခံရမှုကို မြင်တွေ့ရသည့် မျက်မြင်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့တွင် အသံတိတ်သပိတ်နှင့်အပြိုင် တပ်ထောက်ခံပွဲများ ကျင်းပရန် ပြင်ဆင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article