35 C
Yangon

ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၉ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၉ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှ ထွက်လာသောအကြမ်းဖက် စစ်သားများနှင့် ပျူစောထီး အင်အား ၁၀၀ ကျော်ပါ စစ်​ကြောင်းသည် ထန်းကုန်း တိုက်နယ်အတွင်းရှိရှမ်းတပ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နှစ်ညအိပ် တပ်စွဲကာ စိတ်ရောဂါ ခံစားနေရသူ အသက် ၄၉ နှစ်အရွယ် ဦးကြည်မြင့်ကို စစ်ကောင်စီ တပ်သားများက နေအိမ်ထဲထည့်ကာ မီးရှို့ သတ်ဖြတ်ခဲ့‌ကြောင်း​ သိရှိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရှမ်းတပ် ကျေးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အသက် ၆၂ နှစ်အရွယ်အမျိုးသား ၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်း စစ်ကြောင်းသည် ပေလည်ကျေးရွာကို မွန်းလွဲ ၁ နာရီခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် ပေလည်ရွာတွင် ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူပိုင် နေအိမ် ၆ လုံးနှင့် စပါးတိုက် ၄ လုံးကို မီးရှို့ခဖျက်ဆီးခဲ့ကြောင်း၊ ၎င်းစစ်ကြောင်းသည် ပေလည်ရွာမှ ထွက်ခွာလာပြီးနောက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ဘိုကုန်းရွာကို ပစ်ခတ်ဝင်ရောက်ခဲ့​ပြီး နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဘိုကုန်းရွာမှသပြေသာလေးကျေးရွာကို ထပ်မံ ထွက်ခွာလာကာ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် သပြေသာလေးကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

“ထိခိုက် ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေတော့ မသိရသေးဘူး။ ပြည်သူတွေ ထိခိုက်မှုနဲ့ ဖမ်းဆီးခံရမှု အခြေအနေလည်း မကြားမိသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ပျဥ်းတော်၊ ညောင်ကိုင်း၊ သရက္ကံကြီး၊ ကြာဘက္ကံ၊ မောင်းတိုင်၊ ယော၊ ရှမ်းတပ်၊ မင်းကုန်းနှင့် ပေလည် စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article