25 C
Yangon

တရားမဝင် အာဏာသိမ်းမှုနောက်ပိုင်း သုံးနှစ်တာကာလအတွင်း နိုင်ငံတကာအရေးယူမှုများ လုံလောက်မှု မရှိကြောင်း JFM ပြော။ လက်ရှိထက် ပိုမိုပြင်းထန်စွာ လုပ်ဆောင်ဖို့ တောင်းဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တရားမဝင် အာဏာသိမ်းကြိုးပမ်းချိန်မှ စတင်ပြီး အကြမ်းဖက်မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကို Justice for Myanmar က နှိုင်းယှဥ်ဖော်ပြ ဝေဖန်ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို လက်ရှိအချိန်အထိ ထောက်ပံ့ကူညီနေတဲ့ နိုင်ငံတွေကိုလည်း လက်ရှိလုပ်ရပ်များ အမြန်ဆုံးရပ်တန့်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်ပြီး အကျင့်ပျက်ခြစားနေတဲ့ စစ်အုပ်စုဝင်တွေနဲ့ အပေါင်းအဖော်တွေကို အရေးယူဖို့ Justice For Myanmar က တောင်းဆို တိုက်တွန်းထားပါတယ်။

စစ်အုပ်စုထံ ရန်ပုံငွေ၊ လက်နက်၊ စက်ကိရိယာများ၊ နည်းပညာနဲ့ လေယာဉ်လောင်စာဆီ စီးဆင်းမှုတို့ကို ရပ်တန့်ဖို့ အခုလိုကာလမှာ ပိုမိုပြီး အရေးတကြီး လိုအပ်နေတယ်လို့လည်း တောင်းဆိုလိုက်တာပါ။

နိုင်ငံကြီးတွေဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ပိတ်ဆို့အရေးယူမှုမှတ်တမ်းများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ JFM က လေ့လာမှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါလေ့လာမှုတွေအရ အာဏာသိမ်းချိန်ကနေ ယနေ့အချိန်အထိ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့ဟာ မြန်မာစစ်တပ်နဲ့ ပက်သတ်ပြီး ပစ်မှတ်ထားအရေးယူမှုတွေ တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိပါဘူး။

အဆိုပါနိုင်ငံတွေက ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေဟာ စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေမယ့် စီးပွားရေး လုပ်ငန်းတွေမှာ ဒီနေ့တိုင် ပါဝင်ပတ်သက်နေတယ်လို့လည်း JFM ကဆိုပါတယ်
ဥပမာအားဖြင့် ဂျပန်အစိုးရ ကျောထောက်နောက်ခံပြု Y Complex စီမံကိန်းဟာ ငွေပေးချေတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ဆိုင်းငံ့ထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့၊ အကြမ်ဖက်စစ်ကောင်စီရဲ့ စစ်ထောက်ချုပ်ရုံးကို ငွေပေးချေမှုတွေမှာတော့ ပါဝင်ပတ်သက်ခဲ့တယ် ဆိုတာကို လေ့လာတွေ့ရှိခဲ့တာပါ။

တောင်ကိုရီးယား အစိုးရပိုင်ကုမ္ပဏီ KOGAS၊ POSCO International နဲ့ စစ်အုပ်စု ထိန်းချုပ်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းဟာ စစ်အုပ်စုကို ဘဏ္ဍာရေးအရ လက်ရှိအချိန်အထိ ထောက်ပံ့နေဆဲ ဖြစ်ပါတယ်။

အိန္ဒိယဆိုရင်လည်း ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီး Bharat Electronics Limited က အာဏာသိမ်းကြိုးပမ်းချိန်မှစပြီး စစ်ကောင်စီထံ စစ်လက်နက်ပစ္စည်းများကို အကြိမ်ကြိမ် လွှဲပြောင်းရောင်းချမှုတွေ ရှိခဲ့တာပါ။

ဒါ့ကြောင့် လက်ရှိ အချိန်အထိ စစ်အုပ်စုကို ထောက်ပံ့ကူညီနေတဲ့ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့အနေနဲ့ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီရာရောက်နေတာကြောင့်၊ အဆိုပါ နိုင်ငံတွေအနေနဲ့ ပြည်သူတွေနဲ့ ရပ်တည်ပြီး ၄င်းတို့ရဲ့ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲဖို့ Justice For Myanmar ကတိုက်တွန်းထားပါတယ်။
သြစတြေးလျနိုင်ငံကလည်း စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း အဖွဲ့အစည်း ၇ ခု နဲ့ စစ်အုပ်စု အဖွဲ့ဝင် ၁၆ ဦးအပေါ် ချမှတ်တဲ့ ပိတ်ဆို့အရေးယူမှု နှစ်ကြိမ်ကိုသာ လုပ်ဆောင်ထားသေးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ သြစတြေးလျ နိုင်ငံသားပိုင်နှင့် ဦးဆောင်ကုမ္ပဏီတွေဟာ မြန်မာ့သတ္တုတွင်းကဏ္ဍမှာ သိသာထင်ရှားစွာ ပါဝင်ပတ်သက်လျက်ရှိနေဆဲ ဖြစ်ပါတယ်။

နောက်ထက် ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ နယူးဇီလန်နိုင်ငံဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်များအတွင်း လူပေါင်း ၂၁ ဦးကို ခရီးသွားလာခွင့် ပိတ်ပင်ခဲ့မှုကလွဲလို့၊ အခြားသော ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ဆက်လက် လုပ်ဆောင်ရန်ကိုမူ ပျက်ကွက်နေဆဲလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါ၊ အီးယူ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ဟာ စစ်အုပ်စုရဲ့ အကြီးတန်းပုဂ္ဂိုလ်များ၊ စစ်အုပ်စု ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်းများ၊ လက်နက်ပွဲစားတွေနဲ့ ခရိုနီများအပေါ် အဆင့်ဆင့်သော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါပိတ်ဆို့အရေးယူမှုတွေဟာ ပူးပေါင်းညှို့နှိုင်းလုပ်ဆောင်မှုတွေ အားနည်းနေဆဲဖြစ်ပြီး ကွန်ရက်တစ်ခုလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိသေးပါဘူး။ အကြမ်းဖက် စစ်အုပ်စုကို ရန်ပုံငွေ၊ လက်နက်၊ စက်ကိရိယာ၊ နည်းပညာနဲ့ လေယာဉ်လောင်စာဆီတွေ ဆက်လက်ပံ့ပိုးပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေအပေါ် ဦးတည်ချမှတ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကလည်း လုံလောက်မှု မရှိသေးတာကို JFM က လေ့လာတွေ့ရှိ ထားတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုအတွက် အရေးပါတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ပတ်သက်လို့ အီးယူ တစ်ခုတည်းကသာ MOGE ကို အလုံးစုံဒဏ်ခတ်ပိတ်ဆို့ထားပြီး၊ အမေရိကန်ပြည်ထောင်စုကမူ ၎င်းနဲ့ ပတ်သက်တဲ့ ငွေကြေးဝန်ဆောင်မှုများကိုသာ တားမြစ်ထားတာ တွေ့ရပါတယ်။

MOGE ဟာ မြန်မာစစ်အုပ်စုရဲ့ တရားမဝင် ထိန်းချုပ်မှုအောက်ကို ကျရောက်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး စစ်အုပ်စုအတွက် တစ်ခုတည်းသော အကြီးမားဆုံး နိုင်ငံခြား၀င်ငွေရင်းမြစ်ဖြစ်နေလို့ ပိုမိုပြီး ပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေပြုလုပ်ဖို့ လိုအပ်နေခြင်း ဖြစ်ပါတယ်။

စစ်အုပ်စု လက်အောက်ခံ စီးပွားရေးလုပ်ငန်း အများအပြားနဲ့ ၎င်းတို့ရဲ့ ဒါရိုက်တာများ၊ လုပ်ဖော်ကိုင်ဖက်တွေဟာ မြန်မာစစ်အုပ်စုနဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေမှာ ထင်ရှားစွာ ပတ်သက် ဆက်နွှယ်နေပြီး လက်ရှိအချိန်အထိ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကနေ ကင်းလွတ်နေတယ်လို့လည်း JFM ကဆိုပါတယ်။

ဥပမာ အားဖြင့် Mytel မိုဘိုင်းကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ Telecom International Myanmar ကုမ္ပဏီကို မည်သည့်နိုင်ငံ အဖွဲ့အစည်းကမှ ဒဏ်ခတ်အရေးယူ ပိတ်ဆို့ခြင်းတွေ မရှိသေးပါဘူး။

Mytel ဟာအကြမ်းဖက်စစ်အုပ်စုအတွက် အကျိုးအမြတ်များတဲ့ ဝင်ငွေရင်းမြစ်ကို ထောက်ပံ့ပေးပြီး စစ်အုပ်စုရဲ့ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေးစွမ်းရည်များကိုလည်း မြှင့်တင်ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ Mytel ကို နိုင်ငံတကာက ပိတ်ဆို့အရေးထားတဲ့ စစ်တပ်စီးပွားရေး လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကပူးတွဲပိုင်ဆိုင်ထားခြင်း ဖြစ်ပါတယ်။

စစ်အုပ်စုကို ဘဏ္ဍာငွေ ပံ့ပိုးပေးနေတဲ့ ခရိုနီတစ်ဦးချင်းစီနဲ့ စီးပွားရေးလုပ်ငန်းများအပေါ်တွင်လည်း ပိတ်ဆို့အရေးယူမှု အနည်းငယ်သာ ချမှတ်ထားတာကို တွေ့ရပါတယ်။

အဆိုပါ ကုမ္ပဏီတွေထဲကမှ International Group of Entrepreneur (IGE) ကို UK နှင့် EU က ပိတ်ဆို့အရေးယူထားပြီး ရွှေဗျိုင်းဖြူကုမ္ပဏီ ကို အမေရိကန် နှင့် Canada တို့က ပိတ်ဆို့အရေးယူမှုများ ရှိနေပြီး ဒီထက်ပိုမိုတဲ့ ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ လိုအပ်နေခြင်းလည်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု သုံးနှစ်ပြည့်ချိန်မှာ မြန်မာပြည်သူလူထုအပေါ် နိုင်ငံတကာ ရာဇဝတ်မှုတွေ အတောမသတ် ကျူးလွန်နေတဲ့ စစ်အုပ်စုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်ရှိထက်ပိုပြီး ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ပူးပေါင်းညှို့နှိုင်း လုပ်ဆောင်ကြဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုထားပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article