By လမ်းသစ်
စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးမှာ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်၊ အဖိတ်အစင်တွေ ကြုံတွေ့လာရနိုင်တယ်လို့ နဂိုကတည်းက နှလုံးသွင်းထားခဲ့ပေမယ့် တကယ်တမ်း ကြုံလာရတဲ့အခါ ကြိုတင်ပြင်ဆင်ထားတဲ့စိတ်ဟာ လွတ်ထွက်သွားခဲ့တယ်။ အံကြိတ်ခဲ့ရတယ်၊ မျက်ရည်ပါ ဝဲခဲ့ကြရတယ်။
တော်လှန်ရေးတိုက်ပွဲတွေမှာ နယ်မြေသိမ်းပိုက်လာနိုင်မှု၊ စစ်ရေးအသာစီးရမှုတွေအတွက် ကျေနပ်ရပေမယ့် တစ်ဖက်က လူမဆန်စွာရက်စက်မှုတွေကြောင့် ပြည်သူအားလုံး စိတ်ထိခိုက်ကြရပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ကျင်းပနေတဲ့ ဖေဖော်ဝါရီ ၅ရက်နေ့က ကရင်ပြည်နယ် ဒီမောဆိုးမြို့နယ်ထဲက စာသင်ကျောင်းတွေကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်သား ကလေးငယ်တွေ သေဆုံးခဲ့ကြရတယ်။
လေကြောင်းဗုံးကြဲတဲ့ဒဏ်ကြောင့် ပျက်စီးနေတဲ့ စာသင်ကျောင်း၊ ကျိုးပဲ့နေတဲ့ စာသင်ခုံတွေ၊ ပြန့်ကျဲနေတဲ့ ဗလာစာအုပ်တွေ၊ အသက်လုပြေးရလို့ ကျန်ခဲ့တဲ့ လွယ်အိတ်လေးတွေရဲ့ ဓာတ်ပုံတွေကို မြင်ရတဲ့အခါ ပြည်သူတွေမှာ ငါ့သားသမီးလေးတွေများသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကြောင့် ရင်နဲ့အမျှ ခံစားရတယ်။
စစ်ကောင်စီက သူတို့မလုပ်ပါဘူးလို့ ငြင်းဆန်နေပေမယ့် လက်သည်တရားခံ ဘယ်သူလဲဆိုတာ ပြည်သူအားလုံး သိကြပါတယ်။
ကလေးငယ် ၄ယောက်အပါအဝင် ပြည်သူ ၅ယောက် သေဆုံးပြီး အနည်းဆုံး ၁၉ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒီလေကြောင်းတိုက်ခိုက်မှုအတွက် မြန်မာစစ်တပ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အရေးယူပေးဖို့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က တောင်းဆိုထားပါတယ်။
အဲ့ဒီလေကြောင်းဗုံးကြဲတဲ့နေ့က တံခါးပိတ်အစည်းအဝေးလုပ်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်ကတော့ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေး အကြမ်းဖက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ရှုတ်ချကြောင်း ပြောဆိုထားပါတယ်။
ဒါတောင် ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ အလှည့်ကျအဖွဲ့ဝင် ၆နိုင်ငံက ပူးပေါင်းထုတ်ပြန်တာဖြစ်ပြီး အဲ့ဒီကြေညာချက်မှာ တရုတ်၊ ရုရှားနဲ့ ကျန်တဲ့အလှည့်ကျအဖွဲ့ဝင် ၄နိုင်ငံ မပါဝင်ခဲ့ပါဘူး။
မြန်မာနိုင်ငံအတွက် စိုးရိမ်ကြောင်း၊ စစ်ကောင်စီကို ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွေလောက်ကိုတော့ မြန်မာစစ်တပ်လို အရိုင်းအစိုင်း အဖွဲ့အစည်းတစ်ခုက ဂရုမစိုက်ပါဘူး။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာစစ်တပ် မဖြစ်မနေ လိုက်နာဖို့အတွက် အရေးယူမှုတွေ ပါဝင်မှရမယ်လို့ တိုက်တွန်းထားပါတယ်။
မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံရဲ့ဦးဆောင်မှုကို လုံခြုံရေးကောင်စီက ထောက်ခံပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကို စစ်တပ်အနေနဲ့ လိုက်နာဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ မှာ ပါဝင်တဲ့ အချက်တွေကိုလည်း မြန်မာစစ်တပ် လိုက်နာဖို့ တိုက်တွန်းထားပါတယ်။
လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တင်းမာမှုတွေ လျှော့ချဖို့၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ အခြေခံအခွင့်အရေးတွေ လေးစားလိုက်နာကြဖို့ တောင်းဆိုထားတာပါ။
ကုလသမဂ္ဂအနေနဲ့ အာဆီယံရဲ့ ဖြေရှင်းမှုကို ထောက်ခံနေပေမယ့် အာဆီယံ အလှည့်ကျဥက္ကဌ ၄နိုင်ငံ ပြောင်းသွားတဲ့တိုင်အောင် အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကို မြန်မာစစ်တပ်က အဖတ်မလုပ်ခဲ့ပါဘူး။
ကလေးငယ်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန်ကောက်ယူရတဲ့အထိ ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဆက်တိုက်ဆိုသလိုပဲ ပြည်သူတွေအတွက် ရင်နင့်ဖွယ် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
စစ်တပ် လက်အောက်ခံဖြစ်ပြီး ကြံ့ခိုင်ရေးအမတ်ဟောင်း ဘူးလတ်လှဆွေ ဦးဆောင် ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးတွေက ပြည်သူ့ကာကွယ်ရေးတပ် PDF လူငယ် ၂ယောက်ကို လူမဆန်စာ သတ်ဖြတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းပဲ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ နိုဝင်ဘာလက မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြောင်ခင်ရန်းကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ ပျူစောထီးတွေက PDF ရဲဘော် ၂ယောက်ကို ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး သံကြိုးနဲ့ချည်ကာ လမ်းမပေါ် တရွတ်တိုက် ဆွဲခေါ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သစ်ပင်မှာ တွဲလောင်းချပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
ဒီလို အရှင်လတ်လတ် မီးမြှိုက်မှုကို ရွာထဲကလူတွေ တစ်အိမ်တစ်ယောက် လာကြည့်ခိုင်းပြီး ကျူးလွန်သူ ပျူစောထီးတွေက တပျော်တပါး အောင်ပွဲခံနေခဲ့ကြတာပါ။
ဗီဒီယိုဖိုင်ကို ကြည့်ရှုသူတိုင်း ကြေကွဲခံစားရပါတယ်။ တချို့လည်း အဲ့ဒီဗီဒီယိုကို ပြီးအောင် ဆက်မကြည့်နိုင်ကြပါဘူး။
ဒေါသထွက်နေတဲ့ ပြည်သူတွေက ဖက်ဆစ်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းမိတဲ့အခါကျရင် စစ်ပွဲစည်းမျဉ်းတွေ၊ လိုက်နာရမယ့် ကျင့်ဝတ်တွေ စောင့်ထိန်းမနေဘဲ တူညီတဲ့ တန်ပြန်သက်ရောက်မှုမျိုးပေးဖို့ ပြောဆိုတာတွေရှိနေပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ အချင်းချင်း ပြန်ထိန်းနေကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က စစ်ရာဇဝတ်ဂိုဏ်းသားတွေကို ဖမ်းမိတဲ့အခါ ဘယ်လိုကောင်းကောင်းမွန်မွန် ဆက်ဆံတာတွေ၊ ဘက်ပြောင်းခိုလှုံကြဖို့ လမ်းဖွင့်ပေးထားတာတွေ ရှိနေတာကို အားလုံးလည်း သိကြပါတယ်။
ဒါပေမယ့် တစ်ဖက်က ဒီလို လူမဆန် ရက်စက်ယုတ်မာမှုတွေကို ကျူးလွန်နေတဲ့အခါ ပြည်သူတွေရဲ့ ဒေါသစိတ် ငယ်ထိပ်ရောက်တာဟာ အမှားလို့တော့ မဆိုနိုင်ပါဘူး။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစလို့ အနည်းဆုံး အရပ်သား ၄,၅ဝဝ နီးပါး သတ်ဖြတ်ခဲ့ပါတယ်။ လူပေါင်း ၂၅,ဝဝဝ ကျော်ကို ဖမ်းဆီးခဲ့ပြီး အရပ်သားနေအိမ် ၇၈,ဝဝဝ ကျော် မီးရှို့ခံထားရပါတယ်။
၂ဝ၂၃ ခုနှစ်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသရဲ့ အန္တရာယ်အများဆုံး နိုင်ငံများစာရင်းမှာ အဆင့် ၁၈ နေရာနဲ့ ပါဝင်နေပြီး သူ့အောက်မှာ မြောက်ကိုရီးယားနိုင်ငံပဲ ရှိပါတော့တယ်။
အရှေ့တောင်အာရှမှာလည်း မြန်မာနိုင်ငံဟာ တစ်ခုတည်းသော အန္တရာယ်များတဲ့နိုင်ငံ ဖြစ်နေပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၆ဝ ကျော်က အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားပါတယ်။
စစ်အာဏာသိမ်းမှု ၃နှစ်အတွင်း နိုင်ငံတကာအရေးယူမှုတွေက လုံလောက်မှုမရှိဘူးလို့ Justice for Myanmar (JFM) က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီအတွက် လက်နက်၊ နည်းပညာ၊ လေယာဉ်ဆီ စတဲ့လိုအပ်ချက်တွေကို ဆက်လက်ပံ့ပိုးပေးနေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအပေါ်မှာလည်း ဒဏ်ခတ်အရေးယူမှုတွေ လိုအပ်နေသေးတယ်လို့ ထောက်ပြထားပါတယ်။
တော်လှန်ရေး အင်အားစုတွေဘက်က ကျင့်ဝတ်စောင့်ထိန်းနေပေမယ့် မြန်မာစစ်တပ်က တဖက်သတ် ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေချိန်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ဒီထက်ပိုတဲ့ အကူအညီတွေ ပေးသင့်နေပါပြီ။
လူ့အခွင့်အရေးအကြောင်းကို မကြာခဏ ရျေ့တန်းတင် ပြောဆိုလေ့ရှိတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ မင်းအောင်လှုင်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ရှုတ်ချပါတယ်ဆိုတဲ့ စကားနဲ့တင် မလုံလောက်ဘဲ၊ စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူမှုမျိုးတွေ ချမှတ်အရေးယူဖို့ ဆုံးဖြတ်ချက် ချရမယ့်အချိန်ဟာ တော်တော်ကြီးကို ကျော်လွန်နေပြီဆိုတာကိုလည်း သတိချပ်သင့်နေပြီပဲ ဖြစ်ပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
