25 C
Yangon

နွေဦးတော်လှန်ရေးတွင် လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးသည့် အတွေး အခေါ်၊ အယူအဆများကို သုတ် သင်ရှင်းလင်းရန် NUG ယာယီသမ္မတ သတိပေး

Must read

နွေဦးတော်လှန်ရေးတွင် လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးသည့် အတွေး အခေါ်၊ အယူအဆများကို သုတ် သင်ရှင်းလင်းရန် NUG ယာယီသမ္မတ သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

နွေဦးတော်လှန်ရေးနှင့် ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးတွင် လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးသည့် အတွေးအခေါ်၊ အယူအဆများကို သုတ်သင်ရှင်းလင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလကသတိပေးပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် ၇၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားစဉ် ထိုသို့ သတိပေး ပြောဆိုသွားခြင်းဖြစ်သည်။

အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်အောက်ကျရောက်ကာ မဟာလူမျိုးကြီးဝါဒနှင့်စစ်အာဏာရှင်၏ ဖျက်ဆီးမှုကြောင့် ပြည်ထောင်စု စိတ်ဓာတ်ပျောက်ဆုံးခဲ့ရကြောင်း၊ လူမျိုးရေး ခွဲခြားမှုနှင့် ဖိနှိပ်ခံရမှုများကို နှစ်ပေါင်းများစွာ ခံနေရကြောင်း သမ္မတက ပြောဆိုသည်။

” ပင်လုံအနှစ်သာရကို ဖော်ဆောင်နိုင်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စရိုက်ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံဟာ ကိုလိုနီလက်အောက်က လွတ်လပ်ရေး ရခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ ယန္တရားအောက်ကို ထပ်မံ ကျရောက်ခဲ့ရပါတယ်။ တိုင်းရင်းသားပြည်သူလူထုတွေထဲမှာလည်း ပြည်ထောင်စုစိတ်ဓာတ်ကို ပျက်စီးအောင် နှောက်ယှက်ခံခဲ့ရပါတယ်။ တန်းတူညီမှုနဲ့ အတူတကွ ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်ခြင်းဆိုတဲ့ အနှစ်သာရဟာ စစ်အာဏာရှင်အစိုးရ လက်အောက်မှာ ပျက်သုဉ်းခဲ့ကြရပါတယ်။ ဒါ့အပြင် လူမျိုးရေး ခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်ခံရမှုတွေကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြရပါတယ်” ဟု NUG သမ္မတက‌ေ ပြာဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးရေး ဖိနှိပ်ခံရမှု ကြီးမားသထက် ကြီးမားနေပြီး နွေဦးတော်လှန်ရေးအတွင်းမှာ ယင်းသို့ ဖိနှိပ်မှုကို အားပေးသည့် အတွေးအခေါ်နှင့် အယူအဆများကို သုတ်သင်ရှင်းလင်းရန် သမ္မတက တိုက်တွန်းပြောဆိုသည်။

“ကျွန်တော်တို့ နိုင်ငံထဲမှာ လူမျိုးရေးခွဲခြားမှုဟာ ကြီးမားသထက် ကြီးမားလာခဲ့တာတွေ့ရပါတယ်။ အခု နွေဦးတော်လှန်ရေးအတွင်းမှာ ကျွန်တော်တို့ဟာ လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးတဲ့ အတွေးအခေါ်၊ အယူအဆတွေကို ပြန်လည် သုတ်သင် ရှင်းလင်းပစ်ဖို့ လိုပါတယ်။ ဒါမှသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးက ခိုင်ခိုင်မာမာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအတွက်လည်း အားထုတ်ကြရမှာ ဖြစ်သလို၊ တည်ဆောက်ရေးအတွက်လည်း မြော်မြင် တွေးခေါ်ထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ် ပြည်ထောင်စုသစ်အတွက် ကြိုတင် လုပ်ဆောင်ထားရမယ့် အရေးအရာတွေ အများကြီး ရှိနေတာကို မမေ့သင့်ဘူးလို့ ထင်ပါတယ်” ဟု သမ္မတ ဒူဝါလရှီးလက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article